မြန်မာစစ်တပ်ကို ပစ်မှတ်ထားအရေးယူဖို့ဥပဒေကြမ်း ကန်လွှတ်တော်ကော်မတီအတည်ပြု

ရခိုင်ပြည်နယ် ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာ့တပ်မတော် အကြီးတန်းအရာရှိတွေအပေါ် ပစ်မှတ်ထားအရေးယူတာတွေ၊ ခရီးသွားကန့်သတ်ချက်တွေ ချမှတ်ရေး ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်ကော်မတီက အတည်ပြုလိုက်ကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ရီပတ်ဘလစ်ကန်ပါတီအမတ် ဂျွန်မက်ကိန်းနဲ့ အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အကြီးတန်းအဖွဲ့ဝင်၊ ဒီမိုကရက်တစ်ပါတီအမတ် ဘင်ကာဆင်တို့ ရေးဆွဲတင်သွင်းခဲ့တဲ့ အဲဒီဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

"၂ဝ၁၇ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့လွတ်လပ်မှု အက်ဥပဒေ" လို့အမည်ပေးထားတဲ့ ဒီဥပဒေအရ၊ အမေရိကန် နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေအနေနဲ့ မြန်မာ့တပ်မတော်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျေနပ်လောက်တဲ့အထိ မရပ်တန့်သေးသမျှ၊ မြန်မာစစ်တပ်နဲ့ စစ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘဲ၊ စီးပွားရေး နဲ့ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ၊ အရပ်သားအစိုးရထံ အောင်အောင်မြင်မြင် အာဏာလွှဲပြောင်းရေးတွေ ပေါ်ပေါက်လာအောင်၊ စစ်တပ်ထိန်းချုပ်မှုအောက်က လွတ်ကင်းအောင် အားပေးမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။