မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် စံပယ်တောင် ကြေးနီစီမံကိန်းနယ်မြေ၊ ကံကုန်းရွာအနီးက မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် မိုးကြိုး ဆာလ်ဖျူရစ် အက်ဆစ်စက်ရုံကထွက်တဲ့ အခိုးအငွေ့တွေကြောင့် ရွာသားတွေ ကျန်းမာရေးထိခိုက်နေကြရတာနဲ့ ပတ်သက်ပြီး၊ ပြီးခဲ့တဲ့လက စက်ရုံကိုတင်ပြခဲ့ပေမဲ့ ဒီနေ့အထိ ဖြေရှင်းမပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်နေ့ကတည်းက တင်ပြထားတာဖြစ်ကြောင်း ကံကုန်းရွာက ဦးတင့်အောင်စိုးက ပြောပါတယ်။
"ကျနောတို့ တရွာလုံး အက်ဆစ်အငွေ့တွေ နံပြီးတော့ ဘယ်လိုမှနေလို့မရတော့ စက်ရုံကိုသွားပြောတယ်၊ နားခေါင်းတွေယားတယ်၊ အာခေါင်တွေယားတယ်၊ ပျို့ချင်အန်ချင်သလို ပုံစံမျိုးတွေဖြစ်နေတယ်၊ တရွာလုံးအဲလိုဖြစ်နေတော့ စက်ရုံကိုသွားပြောတယ်ဗျ၊ အဲနေ့ညက"
ဒါ့အပြင် စက်ရုံထွက် ညစ်ညမ်းပစ္စည်းတွေတွေကြောင့် ဒေသခံတွေ ကျန်းမာရေး တစုံတရာထိခိုက်လာရင် ဘယ်လိုတာဝန်ယူဆောင်ရွက်ပေးမလဲဆိုတာကိုလည်း ဖြေရှင်းချက် တစုံတရာမပေးဘူးလို့ ဆိုပါတယ်။ အဲဒီ အက်ဆစ်စက်ရုံကထွက်လာတဲ့ စွန့်ပစ်အရည်တွေဟာ လယ်ယာမြေထဲကို စိမ့်ဝင်နေတာကြောင့် မြေဆီလွှာတွေ ပျက်စီးကုန်ပြီး၊ စိုက်ပျိုးဖို့မရတော့ဘဲ ဖြစ်နေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူကလည်း အဲဒီမြေတွေကို ဓာတ်ခွဲ စစ်ဆေးကြည့်တဲ့အခါ ဆာလ်ဖိတ်ဓာတ်တွေ ပါရှိတာတွေ့ရှိရကြောင်း၊ ပါဝင်နေတဲ့ ဆာလ်ဖိတ်ပမာဏဟာ ကန့်သတ်ပမာဏထက် ငါးဆလောက်ပိုများနေကြောင်း ပြောပါတယ်။