ဂြိုဟ်တုအင်တာနက် တရားမဝင် အသုံးပြုမှုကို အရေးယူမယ်လို့ စစ်ကောင်စီကြေညာ
2023.11.23

မြန်မာနိုင်ငံမှာ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းနဲ့ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းတွေ ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုရင် အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ တစ်ဆင့် ကြေညာပါတယ်။
ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို လိုင်စင်မရှိဘဲပေးတာ၊ တပ်ဆင်အသုံးပြုတာ၊ လက်ဝယ်ထားရှိတာ၊ အသုံးပြုတာတွေကို တားမြစ်ပြီး ဖောက်ဖျက်ရင် ထောင်ဒဏ်တစ်နှစ်လောက်အထိ ချမှတ်နိုင်တဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ - ၆၇ နဲ့ အရေးယူမယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ ပြည်သူတွေကို ထပ်တိုးအရေးယူဖို့အတွက် ထုတ်ပြန်ချက်လို့မြင်ကြောင်း ရန်ကုန်မြို့မှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ နည်းပညာသမားတစ်ဦးက ပြောပါတယ်။
“Elon Musk ရဲ့ Star Link ကိုပြောတာဆိုလည်း တောထဲအထိ တရားသွားဆွဲလို့မှမရတာ။ အဲဒီဥပဒေအရဆို Hotspot လွှင့်ရင်ငြိတယ်။ အိမ်မှာ Router တပ်ရင်လည်းငြိတယ်။ ရုံးတွေ Wifi ပြန်လွှင့်ရင်လည်းငြိတယ်။ လွယ်လွယ်ပြောရမယ်ဆို အမြင်ကပ်ပုဒ်မလို့တောင် ပြောလို့ရတယ်။ လူတစ်ယောက်ကို ကြည့်မရလို့ တရားစွဲချင်ရင် နောက်ထပ်ပုဒ်မတစ်ခု ထည့်စွဲလို့ရအောင် ထုတ်ပြန်ချက်တစ်ခု ကြိုထုတ်လိုက်တာလို့ပဲ မြင်ပါတယ်”
ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့နဲ့ လွိုင်လင်လေး စတဲ့ ဒေသတွေမှာ စစ်ကောင်စီက ဖုန်းလိုင်းရော အင်တာနက်ပါ ဖြတ်တောက်ထား တာကြောင့် ဆက်သွယ်ရေးအခက်အခဲနဲ့ ကြုံနေကြရပါတယ်။ ဒါကြောင့် အဲဒီဒေသမှာ Starlink အင်တာနက်ကဖေးကို ဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Starlink ဟာ ဘီလီယံနာသူဌေး အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီက ပိုင်ဆိုင်တဲ့ ဂြိုဟ်တုအင်တာနက်ဖြစ်ပြီးတော့ ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လလောက်က စတင်အသုံးပြုလို့ရနေတာလို့လည်း ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကလည်း အင်တာနက်ဆက်သွယ်ရေးရရှိဖို့ ဆောင်ရွက်နေတယ်လို့ နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။