မလုံခြုံမှုကြောင့် ကလေးတွေကို ကျောင်းပို့ဖို့ မိဘအချို့ ငြင်းဆန်

2021.11.01
မလုံခြုံမှုကြောင့် ကလေးတွေကို ကျောင်းပို့ဖို့ မိဘအချို့ ငြင်းဆန် စစ်တွေမြို့မှာ ၂၀၂၁ နိုဝင်ဘာ ၁ ရက်နေ့က စာသင်ကျောင်းတွေ ပြန်ဖွင့်တာကြောင့် ကျောင်းသားတွေ ကျောင်းတက်ရန်လာစဥ်
Photo: RFA

မြန်မာနိုင်ငံမှာ ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး အခြေခံပညာကျောင်းတွေကို စစ်ကောင်စီက ပြန်လည်ဖွင့် ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မလုံခြုံမှုတွေကြောင့်  သူတို့ရဲ့ ကလေးတွေကို ကျောင်းပို့ဖို့ မိဘအချို့က ငြင်းဆိုနေကြဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မြို့နယ် ၄၆ ခုကလွဲပြီး နိုင်ငံတစ်ဝန်းက အခြေခံပညာကျောင်းတွေကို ဒီနေ့ကစပြီး ပြန်ဖွင့်ခဲ့ ပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေတွေအရ ကချင်ပြည်နယ်က ပူတာအို အပါအဝင် ခြောက်မြို့နယ်၊ ကယားပြည်နယ်က ဖားဆောင်းအပါအဝင် သုံးမြို့နယ်၊ ကရင်ပြည်နယ်က နှစ်မြို့နယ်၊ ချင်းပြည်နယ်က နှစ်မြို့နယ်၊ မကွေးတိုင်းက ဆောအပါအဝင် လေးမြို့နယ်၊ စစ်ကိုင်းတိုင်း လေရှီးမြို့နယ်၊ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်၊ ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ ရှမ်းပြည်နယ်က လားရှိုးအပါအဝင် ၂၆ မြို့နယ် စုစုပေါင်းမြို့နယ် ၄၆ ခုကလွဲရင် ကျန်တဲ့မြို့နယ်အားလုံးမှာ ကျောင်းတွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတာပါ။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရောဂါကူးစက်မှု အခြေအနေဟာ ငါးရာခိုင်နှုန်းအောက် ကျဆင်းလာတာ ကြောင့် ကျောင်းတွေပြန်ဖွင့်ဖို့ အခုလို စီစဉ်တာလို့ စစ်ကောင်စီက ပြောထားပါတယ်။

ဒါပေမဲ့ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေက ရှိနေဆဲဖြစ်လို့ မိဘတွေက စိုးရိမ်မှုတွေရှိနေကြတုန်းပဲလို့ စစ်တွေမြို့က ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်ရီရီအေးက ပြောပါတယ်။

ကလေးတွေက ကျောင်းမတက်ရတာ နှစ်နှစ်ရှိသွားပြီဆိုတော့ အသက်တွေကလည်းကြီးသွားပြီ။ စာကို လည်း သေသေချာချာ မသင်လိုက်ရဘူး။ အခုကျောင်းပြန်ဖွင့်တော့ ဝမ်းသာပါတယ်။ ကိုဗစ်နဲ့ပတ်သက်လို့ လည်း စိုးရိမ်းမှုတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ အခုကိုဗစ်ကာကွယ်ဆေးထိုးတာက ၁၂ နှစ် အထက် ကိုပဲ ထိုးတာ။ ၁၂ နှစ်အောက် ကလေးတွေ မထိုးရသေးဘူး။ အခု ကျွန်မသမီးဆိုရင်လည်း အသက် ၁၂ နှစ် မပြည့်သေးလို့ ကာကွယ်ဆေးမထိုးရသေးဘူး။ ဒီလို ကာကွယ်ဆေးထိုးပြီးတဲ့ သူတွေက ထိုးပြီးသွားပြီ မထိုးရတဲ့သူတွေက မထိုးရသေးဘူးဆိုတော့ မိဘတွေကတော့ ကိုယ့်သားသမီးတွေ ကိုဗစ်ကူးစက်ခံရမှာ ကြောက်တာပေါ့”

 စစ်တွေ အပါအဝင် ရခိုင်ပြည်နယ်က ၁၆ မြို့နယ်မှာ ကျောင်းတွေပြန်ဖွင့်ပါပြီ။ ဒါပေမဲ့ ဂွမြို့နယ်ကိုတော့ ကိုဗစ်ကူးစက်ခံရမှုတွေရှိနေသေးလို့ မဖွင့်နိုင်သေးပါဘူး။

ရခိုင်ပြည်နယ်မှာ အသက် ၁၂ နှစ် အထက်ရှိတဲ့ ကျောင်းသူကျောင်းသားတွေကို ပြည်နယ်စစ်ကောင်စီကနေ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကစလို့ တရုတ်နိုင်ငံထုတ် sinovac ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေး ခဲ့တာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့အထိတော့ အသက် ၁၂ နှစ်အထက် ကျောင်းသူကျောင်းသား ၈၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားပြီလို့ ပြည်နယ် စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်ဟာ အာဏာသိမ်းစစ်ကောင်စီကို လမ်းပေါ်ထွက်ဆန္ဒပြတာတွေ၊ စစ်ကောင်စီက အကြမ်းဖက် နှိမ်နင်းတာတွေ မရှိတာကြောင့် မိဘတွေက ပညာရေးအတွက် ပိုပြီးတော့ စိတ်အားထက်သန်နေကြပါတယ်။

"ကျောင်းတွေမှာ စစ်သားတွေ စောင့်နေတဲ့အခါကျတော့ ကိုယ့်ကလေး မလုံခြုံဘူးလို့ ခံစားရတယ်။"

ကျောင်းသူကျောင်းသားတွေဟာ ကျောင်းနဲ့ အလှမ်းဝေးနေတာ နှစ်နှစ်လောက်ရှိသွားပြီဖြစ်လို့ အခု ကျောင်းဖွင့်ချိန်မှာ သူတို့ရဲ့ပညာရေးကို ပိုပြီး ကြိုးစားလှုံ့ဆော်ပေးဖို့ လိုအပ်တယ်လို့ စစ်တွေမြို့ခံ ကျောင်းသားမိဘတစ်ဦးဖြစ်တဲ့ ဦးမောင်သိန်းဖြူက ပြောပါတယ်။

 ကျောင်းသားတွေကတော့ တော်တော်နစ်နာတာပေါ့။ အသက်ပဲကြီးသွားတယ် အတန်းက ဒီအတိုင်းပဲ။ တန်း ကျောင်းတစ်ယောက် တန်း အသက်အရွယ်မဟုတ်တော့ဘူး အသက်ကြီးသွားပြီ။ ဒီလို နှစ်နှစ် လောက် အချိန်ကြာသွားတဲ့အတွက် ကလေးတွေကလည်း သူတို့စိတ်ဝင်စားမှုကလည်း အားနည်းသွား နိုင်တယ်။ ဒါကြောင့် သူတို့ပညာရေးကို ပိုပြီး ကြိုးစားနှိုးဆွပေးဖို့လိုပါတယ်”

၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် ပြီးခဲ့တဲ့ဇွန်လ ၁ ရက်နေ့မှာ စစ်ကောင်စီကနေ စာသင်ကျောင်းတွေ ကို မြန်မာနိုင်ငံတစ်ဝန်း စတင်ဖွင့်ခဲ့ပေမယ့် ကိုဗစ်တတိယလှိုင်းကြောင့် ဇူလိုင်လကစလို့ ပိတ်ထားခဲ့ရ ပါတယ်။

signal-2021-11-01-122459_005.jpeg
(စစ်တွေမြို့မှာ ကျောင်းလာတက်နေသူတွေကို ၂၀၂၁ နိုဝင်ဘာ ၁ ရက်နေ့က တွေ့ရစဥ်)

စစ်ကောင်စီကို တော်လှန်မှုတွေများနေတဲ့ ရန်ကုန်လို မြို့ကြီးမှာတော့ ဒီနေ့ ကျောင်းလာအပ်သူတွေ မရှိ သလောက် နည်းပါးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ မူလတန်းအရွယ်ကလေးတစ်ဦးရဲ့ မိခင်က စာသင်ကျောင်းတွေမှာ စစ်တပ်နဲ့ ရဲတွေက လက်နက်ကိုင်ပြီး စောင့်နေတာကြောင့် ကျောင်းသွားမထားရဲဘူးလို့ RFA ကို ပြောပါတယ်။

“အခြေအနေတည်ငြိမ်မှပဲ ထားချင်ပါတယ်။ အခုက ကျောင်းတွေမှာ စစ်သားတွေ စောင့်နေတဲ့အခါ ကျတော့ ကိုယ့်ကလေး မလုံခြုံဘူးလို့ ခံစားရတယ်။ အဲလိုမျိုးအခြေအနေမှာ ထားလည်းမထားချင်ပါဘူး။ ပြီးရင် ဘယ်သူက ဘယ်လိုလုပ်လာမယ်မှန်းမသိဘူး။ တစ်ခုခုဖြစ်သွားမှာကို ကိုယ့်သားသမီးအတွက် စိုးရိမ်တာပေါ့”

 ရန်ကုန်မြို့ နောက်ထပ်ကျောင်းသားမိဘတစ်ဦးကလည်း လုံခြုံရေးကိုစိတ်မချရလို့ ကျောင်းသွားမထားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

 “နိုင်ငံရေးအခြေအနေကြောင့်ရယ်၊ နောက်ပြီး ရောဂါကြောင့်ရယ်၊ နောက်ပြီး ကလေးတွေအတွက် လုံခြုံမှုမရှိမှာစိုးလို့ ကိုယ်ကလည်း မထားတာပေါ့လေ။ စစ်သားတွေက ကင်းစောင့်နေတာဆိုတော့ ကိုယ်ကလည်း မထားချင်ဘူး။ ဒီပြဿနာတွေ အကုန်ပြီးသွားလို့ ဒီမိုကရေစီပြန်ရမှပဲ ကျောင်းထားတော့ မှာပါ”

မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်တပ်တပ်က အာဏာသိမ်းမှုကြောင့် ယိုယွင်းနေတဲ့ လုံခြုံရေးအခြေအနေ၊ ကိုဗစ် ကပ်ရောဂါ အခြေအနေတွေကြောင့် ကျောင်းသားမိဘအချို့ဟာ သူတို့ရဲ့ကလေးတွေကို ကျောင်းအပ်ဖို့ ငြင်းဆန်နေကြဆဲဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း ကလေးတွေရဲ့ လုံခြုံရေးကို အာမခံချက်ပေးတာမျိုး အခုချိန်ထိ မတွေ့ရသေး ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။