အမေရိကန်သံအမတ်နဲ့ ANP ပါတီခေါင်းဆောင်တွေ ဆွေးနွေး
2017.02.02

ရခိုင်ပြည်နယ်က မွတ်ဆလင်တွေဟာ သူတို့ရဲ့ ရပိုင်ခွင့်တွေ လိုအပ်နေတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်း က လက်ခံထားတာဖြစ်ပြီး လူမျိုးသစ်တစ်ခုဖြစ်လာဖို့နဲ့ သီးခြားနယ်မြေတစ်ခုပေါ်ထွန်းလာဖို့ ထောက်ခံပြော ဆိုနေတာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ကပြောပါတယ်။
ရခိုင်အမျိုးသားပါတီ ANP တာဝန်ရှိသူတွေနဲ့ စစ်တွေမြို့ ANP ဗဟိုဌာနချုပ်ရုံးမှာ မနေ့ညနေက တွေ့ဆုံခဲ့ကြရာမှာ သံအမတ်ကြီးက အဲဒီလိုပြောဆိုခဲ့တာပါ။
အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်က အမှန်တကယ် နိုင်ငံသားဖြစ်ခွင့် ရထိုက်တဲ့သူတွေနဲ့ အထောက်အထား မှန်ကန်တဲ့ မွတ်ဆလင်တွေ နိုင်ငံသားဖြစ်ခွင့်ရရှိပြီး အခြားသူတွေနဲ့ တန်းတူအခွင့်အရေး ရရှိလာဖို့ဖြစ်တယ် လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဒုတိယဥက္ကဌ ဒေါ်အေးနုစိန်ကတော့ မွတ်ဆလင်တွေထဲက နိုင်ငံသားဖြစ်နေသူတွေနဲ့ ဥပဒေအရ နိုင်ငံသားတစ်မျိုးမျိုးဖြစ်လာနိုင်သူတွေကို ဥပဒေနဲ့အညီ စိစစ်လက်ခံပြီး ရခိုင်ပြည်နယ်တစ်ခုတည်းမှာ ပိတ်လှောင်မထားဘဲ မြန်မာပြည်အနှံ့ လွတ်လပ်စွာသွားလာ အခြေချခွင့်ပြုဖို့ ပါတီအနေနဲ့ အစဉ်တစိုက်ကြိုးပမ်းနေ တယ်လို့ အမေရိကန် သံအမတ်ကြီးကို ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် စစ်တွေဆိပ်ကမ်းကနေ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ရိုက်ကုန်သွယ်ခွင့်ပြု ဖို့လိုအပ်ပြီး အခုလိုခွင့်ပြုနိုင်ဖို့ ဗဟိုအစိုးရကို အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့ပေမယ့် ဒီနေ့အထိ ခွင့်မပြုကြောင်း လည်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်မြကျော် က မနေ့က သံအမတ်ကြီး နဲ့တွေ့ဆုံစဉ်မှာ ပြောပါတယ်။
ရခိုင်အမျိုးသားပါတီ ANP တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel တို့ဟာ မြန်မာ့နိုင်ငံရေး အခြေအနေတွေ အပါအဝင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ မောင်တောဒေသအရေး နဲ့ နိုင်ငံသားပြဿနာအရေးကိစ္စတွေကို မနေ့က အပြန်အလှန် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ဒီနေ့မှာလည်း အရပ်ဘက် လူမှုအဖွဲ့အစည်း အချို့နဲ့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့ပါတယ်။