ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ကို အာမခံပေး ပြည်သူ့လွှတ်တော် အတည်ပြု


2017.08.18
pyithu-hluttaw-622.jpeg ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
.

ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေး အတည်ပြုရာမှာ ပုဒ်မ ၆၆ ဃ နဲ့ တိုင်ကြားခံရသူကို အာမခံပေးဖို့၊ ပြစ်ဒဏ်ကို ထောက်ဒဏ် ၂ နှစ်အထိ လျှော့ချဖို့ စတဲ့အချက်တွေကို ပြင်ဆင်ပြီး အတည်ပြုလိုက်ပါတယ်။

အမျိုးသားလွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီး ပေးပို့လာတဲ့ ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီက ပုဒ်မ ၆၆ (ဃ) နဲ့ ပတ်သက်တဲ့ ပြစ်ဒဏ်ကို ထောင်ဒဏ် ၃ နှစ်အောက်နဲ့ အာမခံပေးဖို့ အဆိုပြုထားပေမယ့် ၃ နှစ်အောက်ဆိုတာ ဥပဒေရေးထုံးနဲ့ မညီဘူးလို့ ကိုယ်စား လှယ်အချို့က ဝေဖန်ကြပြီး ထောင်ဒဏ် ၂ နှစ်ထက်မပိုဖို့ ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မ ၆၆ ဃနဲ့ တရားစွဲမယ်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရယူရမယ်လို့ ဒီကနေ့ ပြည်သူ့ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

အဲဒီလို ခွင့်ပြုချက်ယူရမယ်ဆိုတာဟာ တရားစီရင်ရေးကို အုပ်ချုပ်ရေးကဏ္ဍက လွှမ်းမိုးရာ ရောက်တယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်တာတွေ ရှိပါတယ်။

ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်က အတည်ပြုထား တဲ့အချက်တွေကို အမျိုးသားလွှတ်တော်ကို ပေးပို့ပြီး သဘောထားကွဲလွဲမှုတွေရှိရင် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

ဆက်သွယ်ရေး ဥပဒေကို ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံရသူ ၇၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ အဲဒီအထဲက အများစုဟာ အာမခံမရဘဲ အချုပ်ထောင်ထဲကနေ အမှုရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။