ရန်ကုန်တိုင်း NLD လူငယ်ခေါင်းဆောင်ကို ထောင် ဆယ်နှစ်ချ၊ စုစုပေါင်း ထောင် ၃၁ နှစ်ရှိလာ

RFA Burmese
2024.12.18
ရန်ကုန်တိုင်း NLD လူငယ်ခေါင်းဆောင်ကို ထောင် ဆယ်နှစ်ချ၊ စုစုပေါင်း ထောင် ၃၁ နှစ်ရှိလာ NLD ၏ ရန်ကုန်တိုင်း ဗဟိုလူငယ်ခေါင်းဆောင် ကိုဇော်ဇော်မိုးအား ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အတွင်းဝန်ရုံး(ဝန်ကြီးများရုံး) ရှေ့တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
Facebook/ Zawzaw Moe

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ရန်ကုန်တိုင်း ဗဟိုလူငယ်ခေါင်းဆောင် ကိုဇော်ဇော်မိုးကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကမာရွတ်ခရိုင် တရားရုံးကနေ တရားမဝင်လက်နက်ကိုင်ဆောင်မှု ဥပဒေပုဒ်မ ၅၀ (ဈ) နဲ့ ထောင် ဆယ်နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

သူကို အရင်ကလည်း လက်နက်အက်ဥပဒေပုဒ်မ - ၁၉(စ)၊ မတရားအသင်း အက်ဥပဒေ ၁၇(၁)၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ (၃၄)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည) တို့နဲ့ အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၂၁ နှစ် ချမှတ်ထားတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ်အထိ ရှိလာပြီလို့ ဆိုပါတယ်။

ကိုဇော်ဇော်မိုးကို ၂၀၂၁ ခုနှစ် ဩဂုတ်လက စမ်းချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့နောက် ပုဒ်မအမျိုးမျိုးတပ်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့တာလို့ ကိုဇော်ဇော်မိုးရဲ့ မိတ်ဆွေတစ်ဦးက RFA ကိုပြောပါတယ်။

"ဒါကြီးကတော့ မတရားတဲ့ ထောင်ဒဏ်တွေ နှစ်တွေချတာပေါ့။ ဒါပေမဲ့ ဘယ်လောက်ချချပါ၊ မဝေးတော့တဲ့ ရောင်နီတစ်ခုမှာတော့ အကုန်လုံး ပြန်ဆုံတွေ့ကြမှာပဲ"

ကိုဇော်ဇော်မိုးဟာ လက်ရှိမှာ အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး သူ့ကို အင်းစိန်ထောင်မှာပဲ ထားရှိတယ်လို့ ကိုဇော်ဇော်မိုးရဲ့ မိသားစုဝင်က ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ပါတီဝင်ပေါင်း ၂၁၈၁ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) ရဲ့ ဩဂုတ်လ ၃၁ ရက်နေ့ထုတ် အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။