ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦး သေဒဏ်ချမှတ်ခံရ

RFA Burmese
2022.12.01
ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦး သေဒဏ်ချမှတ်ခံရ အင်းစိန်အကျဉ်းထောင်၊ စစ်ခုံရုံးမှ သေဒဏ်အမိန့်ချမှတ်လိုက်သည့် ဒဂုံတက္ကသိုလ် ကျောင်းသား ခုနစ်ဦးအား တွေ့ရစဉ်။
Dagon University Students' Union

ဒဂုံတက္ကသိုလ် ကျောင်းသားခုနစ်ဦးကို နိုဝင်ဘာလ ၃၀ ရက် မနေ့က အင်းစိန်ထောင်တွင်း စစ်တရားရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ၊ပုဒ်မခွဲ(၁)၊ ပုဒ်မခွဲငယ်(ခ)နဲ့ သေဒဏ် ချမှတ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂတာဝန်ရှိ သူတွေက ဒီဇင်ဘာလ ၁ ရက် ဒီကနေ့ အတည်ပြုပါတယ်။

မိသားစုဝင်တွေက သေဒဏ်ချမှတ်လိုက်တဲ့အပေါ် ကြေကွဲဝမ်းနည်းရပြီး ဒီအတွက် မှတ်ချက်ပေး တုံ့ပြန်ပြောဆိုဖို့လည်း အားမရှိဘူးလို့ RFA ကိုပြောပါတယ်။

တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟ ထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင် တို့ဟာ ဒီနှစ် ဧပြီလ ၂၁ ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတာပါ။

၂၀၂၂ ဧပြီလ ၁၈ ရက်က ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ ဖွင့်ထားတဲ့ ကမ္ဘာ့ရတနာ ဘဏ်က မန်နေဂျာ ဒုဗိုလ်မှူးကြီး စောမိုးဝင်းကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲပြီး ကျောင်းသားတွေကို စစ်ကောင်စီက စွဲချက်တင် အမိန့်ချခဲ့တာလို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ပြောပါတယ်။

"ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတစ်ဦးရဲ့ မိဘပါပဲ။ သူက သူ့သားရဲ့ သူငယ်ချင်းတွေ ပေါ့လေ အခု သေဒဏ် ချမှတ်ခံနေရတဲ့ ခုနစ်ဦးလုံးက သူ့သားရဲ့ သူငယ်ချင်းတွေပေါ့။ သူက အမြဲတမ်း သူတို့ရဲ့ ရုံးချိန်းကို သွားဖြစ်တယ်လို့ ပြောပါတယ်။ သူကနေ တဆင့် ကျနော်တို့ သိရတာပေါ့ အတည်ပြုချက် ရပါတယ်။ ကမ္ဘာ့ရတနာဘဏ် ပစ်ခတ်မှု ပေါ့လေ။ ဘဏ်မန်နေဂျာ သေဆုံးသွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၂၁ ရက်နေ့မှာ အဖမ်းခံရတာပေါ့။"

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ်(ခ) မှာ ကြိုတင်ကြံရွယ်ချက်နဲ့ လူသတ်မှုကျူးလွန်ရင် သေဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

စစ်ကောင်စီဟာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ နဲ့ NLD အစိုးရရဲ့လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်စီရင်ခဲ့သလိုမျိုး အခု သေဒဏ်ချမှတ်ခံရတဲ့ တက္ကသိုလ်ကျောင်းသားခုနစ်ဦးကိုလည်း ဒီဇင်ဘာလ ၇ ရက်မှာ ကွပ်မျက်မယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

"သေဒဏ် ချမှတ်ခံနေရတဲ့ ခုနစ်ဦးလုံးက သူ့သားရဲ့ သူငယ်ချင်းတွေပေါ့။ သူက အမြဲတမ်း သူတို့ရဲ့ ရုံးချိန်းကို သွားဖြစ်တယ်"

စစ်ကောင်စီ အကျဉ်းဦးစီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကတော့ ကွပ်မျက်မယ့် သတင်းက မမှန်ကန်ဘူးလို့ RFA ကိုပြောပါတယ်။

"သေဒဏ်ဆိုတာက သေဒဏ်ချပြီးသွားတဲ့ အချိန်မှာ နောက်ထပ်လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ရှိပါတယ်၊ အယူခံ တက်လို့ရတယ်၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အကြီးအကဲဆီမှာ အသနားခံစာ တင်လို့ရတယ်။ အဲဒါက လနဲ့ ချီပြီး ကြာနိုင်ပါသေးတယ်၊ ဟိုနေ့ ကြိုးပေးမယ် ဆိုတာကတော့ အပြင်က ဗေဒင်ဆရာတွေက သူတို့ပြောချင်တာ ပြောပါလိမ့်မယ်၊ အဲဒီလိုမျိုး အလွယ်တကူ လုပ်ဆောင်လေ့ လုပ်ဆောင်ထ လုပ်ထုံးလုပ်နည်းမှာ မရှိပါဘူး"

မိသားစုဝင်တွေက အယူခံဝင်ရင်လည်း စစ်ကောင်စီက ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ မရှိနိုင်ဘူးလို့ ဥပဒေပညာရှင် တစ်ဦးက သုံးသပ်ပါတယ်။

"အယူခံကတော့ သူတို့က ထုံးစံအတိုင်းပဲ ဖွင့်ပေးထားတယ်ပြောတာပဲ။ လျှော့ပေါ့ဖို့တော့ မရှိလောက်ဘူး။ သေဒဏ်ကို လျှော့ပေါ့ပြီး စဉ်းစားနိုင်တာဆိုလို့ ကာချုပ်တစ်ယောက်ပဲရှိတယ်။ သူတို့အပေါ်မှာ မူတည်တာဗျ သေဒဏ်တွေဆိုတာက အများကြီးပဲလေ။ သေဒဏ်သုံးထပ်ကွမ်းဆိုရင်တော့ အန္တရာယ်ရှိတယ်ဗျ။ လေးမှု၊ ငါးမှု၊ ခြောက်မှု သေဒဏ်ပေးရင် အဲဒါတွေတော့ နည်းနည်းကြောက်ရတယ်"

တ.က.သ ကျောင်းသားဟောင်းများအင်အားစုက ကိုနန်းလင်းကတော့ ပွင့်လင်း မြင်သာမှုမရှိတဲ့ တရားရေးစနစ်နဲ့ သေဒဏ်ချမှတ်နေတာက လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

"လူငယ် ခုနှစ်ယောက်ကို သေဒဏ်ချမှတ်တာက အင်မတန်မှ အဆင်ခြင်ဉာဏ်မဲ့တဲ့ လုပ်ရပ်၊ တော်တော်ကို မိုက်ရူးရဲ ဆန်တဲ့လုပ်ရပ်၊ ရှေ့မှာလည်း သူတို့ တောက်လျှောက်လုပ်နေတာ ထပ်ပြီးတော့ ကျုးလွန်တာပေါ့ဗျာ၊ ဒီလူငယ် ခုနှစ်ဦးကို သေဒဏ်ချမှတ်တာကဘာမှကို ပွင့်လင်းမြင်သာတဲ့ အခြေအနေမရှိဘူး၊ ဘယ်သူမဆို ဘယ်အခြေအနေမှာမဆို တရားမျှတမှုဆိုတာ စိတ်ကူးတောင် ယဉ်လို့မရတဲ့ အခြေအနေလို့ ပြောရမယ်၊ စစ်ကောင်စီသည် သူ့ကို ဆန့်ကျင်တဲ့ လူမှန်သမျှကို အင်မတန်ပြင်းထန် အောက်တန်းကျတဲ့ လုပ်ရပ်နဲ့ ဖိနှိပ်ဖို့ ကြိုးစားနေတယ်ဆိုတာ ဒီလုပ်ရပ်က သက်သေပြနေတယ်"

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးခံနေရတယ်လို့ တက္ကသိုလ် ကျောင်းသားတွေကပြောပါတယ်။ စစ်တပ်သာ အာဏာမသိမ်းခဲ့ရင် တက္ကသိုလ်ကျောင်းသားတွေဟာ စာသင်ခန်းတွေထဲမှာပဲ ဆက်ရှိနေမှာလို့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ထောက်ပြ ပါတယ်။

ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုကို တက္ကသိုလ်ကျောင်းသားတွေအပါအဝင် နိုင်ငံတစ်ဝန်းက ပြည်သူတွေ ဟာ ဒီကနေ့အထိ ဆန့်ကျင်ဆန္ဒပြနေသလို တုံ့ပြန်တော်လှန်နေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီဟာ သူ့ကို ဆန့်ကျင်သူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဒီကနေ့အထိ နိုင်ငံတစ်ဝန်းက ပြည်သူ ၂,၅၅၃ဦး သေဆုံးခဲ့ပြီး၊ ၁,၆၅၅ ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ အဲဒီအထဲက ၁၂၈ ဦး သေဒဏ်ချမှတ် ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က နိုဝင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။