ကွတ်ခိုင်မှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိ

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ခန်ကျေးရွာအနီးတဝိုက်မှာ ၃ ရက် အတွင်း ငွေကျပ်သိန်းပေါင်း ၉ သောင်း ၉ ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်ပါတယ်။

လွယ်ခန်ကျေးရွာအနီးတဝိုက်မှာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေတယ်ဆိုတဲ့ သတင်းတွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တပ်မတော်စစ်ကြောင်းနဲ့ ဌာနဆိုင်ရာတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တစ်ကြိမ်၊ ဒီနှစ် ဇန်နဝါရီလအတွင်း ၃ကြိမ် ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးအမှုတွေနဲ့ ဆက်စပ်တဲ့ တရားခံတွေကို စစ်ဆေးမေးမြန်းချက်တွေအပေါ် အခြေခံပြီး လွယ်ခန်ကျေးရွာ တဝိုက်မှာ မူးယစ်ဆေးဝါးချက်လုပ်နိုင်ခြေရှိတဲ့ နေရာတွေကို ရှာဖွေဖော်ထုတ်ခဲ့တာဖြစ်ပါတယ် ပါရှိပါတယ်။

ဆက်လက်ပြီးလည်း ရှာဖွေရှင်းလင်းနေဆဲဖြစ်ပြီး သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ကွတ်ခိုင်မြို့ မူးယစ်တပ်ဖွဲ့ထံ လွဲှပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။

ဒီသတင်းထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲချုပ်ထံ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။