ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်က ကျောက်မီးသွေးလုပ်ကွက်နေရာနားမှာ မြန်မာစစ်တပ်က တပ်စခန်းအသစ်ဆောက်ဖို့ လုပ်နေပြီး ဒေသခံရွာသားတွေကိုလည်း အခကြေးငွေမပေးဘဲ အတင်းအဓမ္မ အလုပ်စေခိုင်းနေတယ်လို့ ရှမ်း လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
နောင်ဟီးရွာအုပ်စုထဲက ရွာသား ၁ဝ၆ ဦးကို အဓမ္မခေါ် စေခိုင်းခဲ့တာလို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က ကိုစိုင်းဆန်လွယ်က ပြောပါတယ်။
“ဒေသခံတွေက သူတို့ကြုံခဲ့တာတွေကို သူတို့နစ်နာမှုတွေကို ပြောပြတယ်၊ နောက်ပြီး အဲ့ဒီနေရာနားမှာ ကျောက်မီးသွေးတွင်းတွေ လုပ်ဖို့ရှိနေတာကိုလည်း ဒေသခံတွေက စိုးရိမ်မှုတွေ ရှိနေတယ်” လို့ ဆိုပါတယ်။
နောင်ဟီးကျေးရွာအနီး စမ်းသပ်တူးဖော်မယ့် ဧက ၅၀၀ ကျယ် ကျောက်မီးသွေး လုပ်ကွက်ငါးခုမှာ လုံခြုံရေးထားဖို့ စစ်ကောင်စီတပ်စခန်းအသစ် လာဆောက်တာဖြစ်နိုင်တယ်လို့လည်း ကိုစိုင်းဆန်လွယ်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကလည်း နောင်ဟီး ကျေးရွာအုပ်စုထဲက နမ့်မိုရွာကို စစ်ကောင်စီတပ်သား ၃၅ ယောက်လောက်ဝင်လာပြီး တပ်စခန်းဆောက်ဖို့ တစ်အိမ်တစ်ယောက် လူတောင်းခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုင်းကန်းမြို့ အခြေစိုက် ခ-လ-ရ (၅၅၃) တပ်က ရွာသားတွေကို စေခိုင်းနေတာလို့ ထုတ်ပြန်ချက်မှာ ပါပါတယ်။
အဲဒီဒေသမှာ ကျောက်မီးသွေးတွင်းတူးဖို့ လုပ်နေတယ်၊ ဒေသခံတွေကို အတင်းအဓမ္မ စေခိုင်းနေတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ RFA ဘက်က စစ်ကောင်စီကို မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
အဲဒီကျောက်မီးသွေးတွင်းအားလုံးဟာ ငွေရည်ပုလဲကုမ္ပဏီ လက်အောက်ခံ မန္တလေးဖြန့်ချီရေးနဲ့ သတ္တု တူးဖော်ရေး ကုမ္ပဏီက ခွင့်ပြုချက်ရထားတယ်လို့ ရှမ်းလူ့အခွင့်ရေးအဖွဲ့က ဆိုထားပါတယ်။