နေရပ်ပြန်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေး အခက်အခဲဖြစ်နေ

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် ဆီဆိုင်မြို့ဈေးအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် ဆီဆိုင်မြို့ဈေးအား ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (PNLA)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၊ ပင်လောင်းနဲ့ ညောင်ရွှေဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လက်ရှိ ကယားပြည်နယ် (ကရင်နီပြည်) ကို ပြန်လည်ဝင်ရောက်လာတာကြောင့် ကူညီထောက်ပံ့ရေးမှာ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေကပြောပါတယ်။

ဆီဆိုင်မှာ တိုက်ပွဲမပြင်းထန်ခင် အခုနှစ် ဇန်နဝါရီလကတည်းက နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ဟာ ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖယ်ခုံမြို့ကို ပြန်လည်ဝင်ရောက်လာကြတာလို့ ဆိုပါတယ်။

ပြန်လာကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေနဲ့ နီးစပ်ရာရွာတွေမှာ နေထိုင်နေကြတာကြောင့် ကူညီထောက်ပံ့ရေးကိစ္စတွေမှာ အခက်အခဲတွေရှိလာတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။

"အားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်လာကြတာပေါ့။ ပြန်လာတဲ့သူက နှစ်မျိုးရှိတယ်။ တစ်မျိုးက ဒုက္ခသည်စခန်းကို ပြန်လာကြတာ။ နောက်တစ်မျိုးက နီးစပ်ရာရွာက ဆွေမျိုးအိမ်တွေမှာနေကြတာဆိုတော့ ကူညီထောက်ပံ့ရေးပိုင်းတွေမှာ အခက်အခဲဖြစ်နေတာပေါ့"

ပြန်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေထဲမှာ ကိုယ်ဝန်ဆောင်၊ ကလေးငယ်နဲ့ အသက်အရွယ်ကြီးသူတွေလည်း ပါနေတာကြောင့် ဆေးဝါးပစ္စည်းတွေ ထောက်ပံ့ပေးဖို့ ပိုလိုအပ်တယ်လို့ ဆိုပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်ကနေ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် သုံးသိန်းကျော်ရှိလာပြီး အဲဒီအထဲက ငါးသောင်းနီးပါးဟာ ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်၊ ပင်လောင်း၊ ရွှေညောင်နဲ့ညောင်ရွှေစတဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

နေရပ်ပြန်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးမှု အခြေအနေကို မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။