ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုနဲ့ ဟိုခဲကျေးရွာအုပ်စုတဝိုက်မှာ အစိုးရ တပ်မတော်နဲ့ RCSS/SSA တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့လောက်ကစတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေကြပါတယ်။
တိုက်ပွဲစတင်ဖြစ်ပွားစဉ်က ဒေသခံ ၄ဝဝ ကျော်လောက် ထွက်ပြေးကြတာဖြစ်ပြီး မနေ့ကတော့ ဟမ်းငိုင်းရွာ တဝိုက်မှာ တိုက်လေယာဉ် ပျံသန်းမှုတွေ ရှိနေတာကြောင့် စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးလာသူတွေ တိုးလာတာပါ။
ထွက်ပြေးလာသူတွေဟာ ဟမ်းငိုင်းရွာက စပ်တော်ရာကျောင်းမှာ ၄၂၅ ဦး၊ ကောင်းမူးဆိုင်ကျောင်းမှာ ၁၁၇ ဦး၊ ကုန်းဆုန်ကျောင်းမှာ ၂၇၄ ဦး၊ နားလွေကျောင်းမှာ နှစ်ရာဝန်းကျင် ရှိနေတာဖြစ်ပါတယ်။
သူတို့ဟာ ရှမ်းနဲ့ပလောင် တိုင်းရင်းသားတွေဖြစ်ပြီး ကောင်းမူးဆိုင်ကျောင်းမှာတော့ ပလောင်တိုင်းရင်းသားတွေ ခိုလှုံနေပါတယ်။ ကျန်တဲ့စခန်းတွေမှာတော့ ရှမ်းတိုင်းရင်းသားတွေ ခိုလှုံနေကြပါတယ်။
ဒုက္ခသည်တွေအတွက် စားစရာတွေကို SNLD ကျားခေါင်းပါတီနဲ့ ရှမ်းလူငယ်အဖွဲ့တွေက ကူညီနေပြီး စောင်နဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေတော့ လိုအပ်နေပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့မနေ့ကတော့ ကျေးရွာတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားတာမရှိပေမယ့် စစ်ရေးလှုပ်ရှားမှုတွေ ကိုတော့ တွေ့နေရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် ဒေသခံတွေထွက်ပြေးနေရသလို မူလတန်းကျောင်းတချို့လည်း ပိတ်ထားရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ကျေးရွာတဝိုက်မှာ ဒေသခံနှစ်ဦး သေဆုံးတာတေ့ွခဲ့ရသလို လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ တစ်ဦးလည်း နေရပ်ပြန်ရောက်မလာဘူးလို့ ဒေသခံတချို့က ပြောပါတယ်။ အဲဒီအခြေအနေတွေကိုတော့ RFA က အတည်မပြုနိုင်သေးပါဘူး။
လတ်တလော ထွက်ပြေးလာသူတွေထဲမှာ အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေဟာ ဝမ်းလျှောတာ၊ အအေးမိတာ၊ အဟာရပြတ်တာ စတဲ့ ဝေဒနာတွေ ခံစားနေရပြီး မြို့နယ်ကျန်းမာရေးဌာနက ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေ ပါတယ်။