ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် မလိခ မြစ်အောက်ဖက် ဧရာဝတီမြစ်ဆုံ မြစ်ကမ်းစပ်အနီးမှာရှိတဲ့ ဈေးဆိုင် ၃၇ ဆိုင် ရေနစ်မြုပ်ခဲ့ပါတယ်။
ဈေးဆိုင်တဲ ၁၀ လုံးလောက်က ရေနဲ့မျောပါသွားပြီး ကျန်တဲ့ဈေးဆိုင်တွေက ရေနစ်မြုပ်ပျက်စီးသွားတယ် လို့ မြစ်ကမ်းစပ်မှာ စားသောက်ဆိုင်ဖွင့်လှစ်ထားတဲ့ ဒေါ်ဂျာအောင်က ပြောပါတယ်။
"သောကြာနေ့ မနက်က ရေတက်လာတာ စနေနေ့ညနေပိုင်း ၄၊ ၅ နာရီဆိုရင် ဆိုင်ကအကုန်မြုပ်သွားပြီ၊ တနင်္ဂနွေနေ့ မနက် ၁ဝ နာရီလောက်ဆိုရင် အကုန်လုံးမျောသွားပြီပေါ့၊ အကုန်လုံးနီးပါးပျက်သွားတယ်၊ ဆိုင်က ပစ္စည်းတော့ အကုန်ပြန်ရတယ်၊ ဒါပေမဲ့ သက်ကယ်မိုးထားတဲ့ဆိုင်တွေ အားလုံးလိုလို မျောသွားတယ်၊ ၃၇ ဆိုင် မျောပါသွားတယ်လေ"
အဲ့ဒီဈေးဆိုင်ပိုင်ရှင်အများစုဟာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲရွာကနေ အောင်မြင်သာရွာ မှာ ပြောင်းရွှေ့နေရသူတွေဖြစ်ပါတယ်။
ဆိုင်ခန်းတစ်ခန်းကို ငွေကျပ် နှစ်သိန်းဝန်းကျင် အကုန်အကျခံဆောက်လုပ်ထားတာဖြစ်ပြီး ဆိုင်တွေမှာရှိတဲ့ ပစ္စည်းတွေကိုတော့ အချိန်မီသယ်ယူနိုင်ခဲ့တယ်လို့ ဈေးဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
ဧရာဝတီမြစ်ရေဟာ ဒီကနေ့ နဲနဲစတင်ကျဆင်းနေပြီလို့ ကချင် ပြည်နယ် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဋ္ဌာနရဲ့ ပြည်နယ်ဦးစီးမှူး ဦးတင်ထိုက်က ပြောပါတယ်။
