ရခိုင်ပြည်နယ်က မြို့တချို့မှာ ဆေးဝါးနဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်နေ

RFA Burmese
2024.06.30
ရခိုင်ပြည်နယ်က မြို့တချို့မှာ ဆေးဝါးနဲ့ ကုန်ပစ္စည်းတွေ ပြတ်လပ်နေ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF Myanmar) အဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
MSF Myanmar Photo

ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က မြို့တချို့မှာ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေ အပါအဝင် ကုန်ပစ္စည်းတွေ ပြတ်လပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဌာနချုပ်တွေ အခြေစိုက်ထားတဲ့ စစ်တွေ၊ အမ်း စတဲ့မြို့တွေမှာ စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် ဆေးဝါးတွေပါ ပြတ်လပ်နေတာလို့ ဆိုပါတယ်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက) အခြေစိုက်တဲ့ စစ်တွေမြို့ပေါ်မှာ ဆေးဆိုင်တွေ မဖွင့်တော့သလို ဆေးရုံမှာလည်း ဆေးဝါးကို ဝယ်ချင်တိုင်း ဝယ်မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ဆိုင်တွေမှာ ဆေးဝါးတချို့ရပေမဲ့ ရေရှည်စွဲသောက်ရတဲ့ ဆေးဝါးတွေတော့ မရှိဘူးလို့ စစ်တွေ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြို့ပေါ်မှာက ဆေးဆိုင်တွေ တစ်ဆိုင်မှကို မဖွင့်တော့ဘူး။ ရပ်ကွက်အတွင်းက အိမ်ဆိုင်တွေမှာတော့ ဆေးဝါးတချို့ ရောင်းတာရှိတယ်။ ဖျားရင် ခဏတဖြုတ်သောက်ဖို့ ပါရာလောက်ပဲရှိတာ။ ဆေးရုံမှာလည်း လိုချင်တဲ့ဆေး ဝယ်မရဘူး။ သွေးတိုး၊ ဆီးချို ဆေးတွေလည်း ဝယ်မရဘူး။ အဓိကတော့ ရေရှည်စွဲသောက်ရတဲ့ ဆေးတွေ။ တကယ်လိုအပ်တဲ့ဆေးတွေ မရတာပေါ့”

စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ခံတွေကို မြို့အပြင်ထွက်ခွင့်မပေးသလို အပြင်ကနေ ကုန်ပစ္စည်းနဲ့ ဆေးဝါး သယ်ယူခွင့်ပါ ပိတ်ပင်ထားတာကြောင့် ကုန်ပစ္စည်းဈေးနှုန်းလည်း အဆမတန်မြင့်တက်နေတယ်လို့ ဆိုပါတယ်။

ထွက်ပြေးဖို့ ငွေကြေးမတတ်နိုင်သူ အများစုသာ မြို့ထဲမှာကျန်နေခဲ့ပြီး ဆေးဝါးပြတ်လပ်မှုနဲ့ ကုန်ပစ္စည်းဈေးနှုန်း မြင့်တက်မှုဒဏ်ကို ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အခြေစိုက်တဲ့ အမ်းမြို့မှာလည်း ဆေးဝါးပြတ်လပ်မှုကို ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်တွေမြို့နယ် မေယုမြစ်ကမ်းအနီးက ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်နဲ့ အုန်းရေဖော် စတဲ့ ရွာတွေက ဒေသခံတွေကို မြို့ပေါ်အတင်းပြောင်းရွှေ့ခိုင်းပြီး ဝင်ထွက်သွားလာခွင့်ကိုတော့ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။