ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ထဲက ကျွန်းကြီးရွာ ကူးတို့ဆိပ်အနီးမှာ ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းက မြေမြှုပ်မိုင်း နင်းမိတာကြောင့် လေးနှစ်အရွယ် သားဖြစ်သူ ခြေထောက် နှစ်ဖက်စလုံး ဖြတ်လိုက်ရပြီး မိခင်ကတော့ ဒဏ်ရာ အနည်းငယ်ရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကျွန်းကြီးရွာမှာနေတဲ့ အသက်လေးနှစ်အရွယ် မောင်အောင်စံလင်း နေမကောင်းတာ ကြောင့် မိခင်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် မချစ်သက်အောင်က ကျောက်တံခါး မြို့နယ်၊ ကညင်ကျိုးတိုက်နယ်ဆေးရုံကို ဆေးသွားကုပေးဖို့ အသွား ကူးတို့ဆိပ်အနီးမှာတင် မိုင်းနင်းမိတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မချစ်သက်အောင်တို့ သားအမိနှစ်ယောက် ကလေးနေမကောင်းလို့ ဆေးခန်းသွားပြဖို့ စစ်တောင်းမြစ် တစ်ဖက်ကမ်းကို ကူးဖို့သွားတာ။ ကူးတို့ဆိပ်မရောက်ခင် ကမ်းနား မှာတင် မိုင်းနင်းမိသွားတာ။ ကလေးကတော့ ခြေထောက် နှစ်ဖက်လုံး ပြတ်သွားတယ်။ မိခင်ကတော့ မျက်နှာတွေကို ယမ်းစတွေ စဉ်သွားတာပေါ့”
စစ်ကောင်စီဘက်က ထောင်ထားခဲ့တဲ့မိုင်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
သားအမိနှစ်ဦးစလုံးကို ကျောက်တံခါးမြို့နယ်ဆေးရုံကို အရင်ပို့ပေးခဲ့ပြီး အဲဒီကတစ်ဆင့် ရန်ကုန်ကို လွှဲပြောင်း ပို့ဆောင်ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၂ ဧပြီလအထိ ၁၅ လအတွင်း မြေမြှုပ်မိုင်းအပါအဝင် စစ်ကျန် လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁၁၅ ဦးထိ သေဆုံး၊ ဒဏ်ရာရခဲ့တယ်လို့ UNICEF Myanmar က ဇွန်လ ၂၄ ရက်နေ့က သတင်း ထုတ်ပြန်ထားပါတယ်။