မြန်မာမှာဆောင်ရွက်မဲ့ စီမံကိန်းငါးခုအတွက် အိန္ဒိယနဲ့ စစ်ကောင်စီ လက်မှတ်ထိုး
2024.10.25
မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံက အကောင်အထည်ဖော်မဲ့ စီမံကိန်းငါးခုအတွက် အောက်တိုဘာလ ၂၄ ရက်နေ့က နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီစီမံကိန်းတွေကတော့ အုပ်ချုပ်ရေးပညာ သင်တန်းကျောင်းအတွက် ထောက်ပံ့တာ၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ အသိဉာဏ်တု ဓာတ်ခွဲခန်းဆောက်တာ၊ ဒစ်ဂျစ်တယ်မှုခင်းသိပ္ပံ ဓာတ်ခွဲခန်း အဆင့်မြှင့်တာ၊ မိုးခေါင်ရေရှားဒေသတွေကို ထောက်ပံ့ဖို့နဲ့ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းကနေ လောင်စာထုတ်ဖို့ သုတေသနစီမံကိန်းကိစ္စတွေ ပါဝင်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်မယ်လို့ မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အိန္ဒိယနည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ရဲ့ နှစ် (၆၀) ပြည့် အခမ်းအနားမှာ ပြောဆိုပါတယ်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၅၀.၁၈၁ ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ စာရင်းအရ အိန္ဒိယဟာ ရင်းနှီးမြှုပ်နှံမှု အဆင့် ၁၁ မှာ ရှိနေတယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။
အရပ်ဘက်အဖွဲ့တွေကတော့ အိန္ဒိယအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ တိုက်တွန်းတောင်းဆိုထားကြပါတယ်။
စစ်ကောင်စီကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချတာအပါအဝင် တရားဝင်မှုပေးတဲ့ ထိတွေ့ဆက်ဆံမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်ဖို့ အိန္ဒိယဗဟိုအစိုးရထံ အရပ်ဘက်အဖွဲ့အစည်း ၂၆၈ ဖွဲ့က စက်တင်ဘာလ ၂၁ ရက်နေ့မှာ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုခဲ့ပါတယ်။
ရုရှားနဲ့ တရုတ်ပြီးရင် စစ်ကောင်စီကို စစ်လက်နက်ပစ္စည်း တင်ပို့မှု တတိယ အများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ဘက်ဆိုင်ရာ သင်တန်းပေးတာတွေလည်း ရှိနေတာကြောင့် ဝေဖန်ခံနေရပေမဲ့ နှစ်နိုင်ငံစစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စဆက်လုပ်နေဆဲပဲလို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
တစ်ဖက်မှာလည်း လာမဲ့ နိုဝင်ဘာမှာ ကျင်းပဖို့ရှိနေတဲ့ အိန္ဒိယကမ္ဘာ့ရေးရာကောင်စီ (ICWA) ရဲ့ နှီးနှောဖလှယ်ပွဲကို တက်ရောက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ အာရက္ခတပ်တော် (AA) တို့ကို ဖိတ်ကြားထားလိုက်တာက အိန္ဒိယအစိုးရအနေနဲ့ မြန်မာ့အရေးမှာ ချဥ်းကပ်မှု ပုံစံပြောင်းလာတာလို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။