စင်ကာပူမှာ ကြိုတင်မဲပေးသူတွေ NLD ကို အများဆုံး မဲထည့်ခဲ့ကြောင်း စစ်တမ်းဖော်ပြ


2015.10.27
singapore-voter-list-620.jpg စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှာ ကြိုတင်မဲပေးဖို့ စောင့်ဆိုင်းနေကြသူတွေကို အောက်တိုဘာ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: Shwe Naing Facebook

စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးခဲ့ကြရာမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးသူ အများဆုံးဖြစ်ကြောင်း စင်ကာပူနိုင်ငံရောက် ၂ဝ၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး အထောက်အကူပြုအဖွဲ့က သူတို့ စစ်တမ်းကောက်ယူထားမှု အခြေအနေကို ပြောပါတယ်။

စင်ကာနိုင်ငံမှာ မဲပေးခဲ့သူ ၁၆ဝဝဝ ကျော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးသူ ၁ဝဝဝဝ ကျော်အထိ ရှိခဲ့တယ်လို့ စင်ကာပူနိုင်ငံအခြေစိုက် ၂ဝ၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး အထောက်အကူပြုအဖွဲ့က ကိုစိုးထွန်းက ပြောပါတယ်။

"အမျိုးသားလွှတ်တော်မှာဆိုရင် စုစုပေါင်း ၁၄ဝ၂၄ နေရာရှိတယ်၊ မဲပေးသွားတာ NLD က ၁၃၈၉၅ မဲနဲ့ရတယ်၊ ရာခိုင်နှုန်းနဲ့ ၉၉ ဒဿမ ဝ၈ ရတယ်၊ ပြည်သူ့လွှတ်တော်အနေနဲ့ဆိုရင် စပြီးပေးသွားတဲ့လူက ၁၄ဝ၂၄ မှာ ၁၃၈၉၂ ယောက်က NLD ကိုပေးသွားတယ်၊ အဲ့ဒီတော့ ၉၉ ဒဿမ ဝ၆ လောက်ရှိတယ်၊ တိုင်းဒေသကြီး အတွက်ကျတော့ ၁၃၉၃၆ ယောက် စပြီၤးလာပေးသွားတယ်ပေါ့နော်၊ ၁၃၇၆၇ က NLD ကိုပေးတယ်၊ အဲ့ဒီတော့ ၉၈ ဒဿမ ၇၉ ရာခိုင်နှုန်းရှိတယ်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ စင်ကာပူနိုင်ငံက မြန်မာသံရုံးမှာ ကြိုတင်မဲပေးခဲ့ကြတာဖြစ်ပြီး မဲပေးခဲ့ကြသူတွေကို မြန်မာသံရုံးရှေ့မှာ ကောက်ခံခဲ့ကြတာလို့ ပြောပါတယ်။

စင်ကာပူနိုင်ငံမှာ မဲပေးခွင့်ရှိသူ ၂ဝဝဝဝ ကျော်ရှိတယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအထဲမှာ ပုံစံ ၁၅ နဲ့ လျှောက်ထားသူတွေဟာ မဲစာရင်းထဲမှာ နာမည်မပါလို့ မဲပေးခွင့်ဆုံးရှုံးရသူတွေရှိသလို မဲပေးခွင့်ရပေမယ့်လည်း မဲလက်မှတ်အပြည့်အစုံ မပေးလိုက်ရတဲ့သူတွေလည်း ရှိကြတယ်လို့ ပြောပါတယ်။

အဲ့ဒီမဲပေးခွင့် မရလိုက်သူတွေက စင်ကာပူသံရုံးမှာ မဲပေးခွင့်ရဖို့ ပြန်လျှောက်သူ တစ်ထောင်ကျော်လောက် ရှိပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပေးမယ်လို့ သံရုံးကပြောပေမယ့် သူတို့ဟာ ခုချိန်ထိ မဲပေးခွင့် မရသေးကြောင်းလည်း ပြောပါတယ်။

ကိုစိုးထွန်းကို RFA သတင်းထောက်ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။