မနေ့က (နိုဝင်ဘာ ၂ ရက်နေ့) ထိုင်းနိုင်ငံကို ကြွရောက်လာတဲ့ ဆရာတော်ဟောကြားမယ့် တရားတော်တွေကို တပည့်သာဝက ရဟန်းတော်တွေ စီစဉ်မှုနဲ့ ကမ္ဘာတဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များဟာ အသံနဲ့တမျိုး၊ ရုပ်ရောအသံပါ ပါမယ့်တီဗီလိုင်းနဲ့ တမျိုး၊ နှစ်မျိုးစလုံးကို ဆရာတော်တရားဟောနေစဉ် တိုက်ရိုက် နာယူနိုင်မယ်လို့ ဆရာတော်ရဲ့ တပည့်ရဟန်း အရှင် ကိတ္တိသာရက မိန့်ပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့ည ထိုင်းစံတော်ချိန် ည (၈) နာရီမှာ ဆရာတော်ဟာ ဘန်ကောက်မြို့ ဝပ်ကြာတဲ ဘုန်းတော်ကြီးကျောင်းမှာ စတင်တရားဟောမှာဖြစ်ပြီး၊ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းနဲ့ ကော့ဖငန်ကျွန်းတွေကို နောက်ရက်တွေမှာ သွားရောက်ဟောကြားမယ်လို့ ဦးကိတ္တိသာရက ဆက်လက် မိန့်ကြားပါတယ်။
“ဆရာတော်ကြီးက အဲဒီဝပ်ကြာတဲ ကျောင်းတိုက်မှာ တရားပွဲအချိန်ကတော့ (၈) နာရီပေါ့လေ၊ တရားပွဲပြီးတာနဲ့ ဟော်တယ်ကို ဦးဇင်းတို့ ဆရာတော်ကြီးကို ပြန်ပင့်မှာပေါ့လေ၊ နောက်နေ့ (၃) ရက်နေ့ စနေနေ့ကနေပြီးတော့ (၆) ရက်အထိပေါ့လေ၊ ကျန်တဲ့(၄)ရက်က ကော့တောင်ကျွန်းမှာ (၂) ရက် ကော့ဖငန်ကျွန်းမှာ (၂) ရက်ပေါ့လေ တရားဟောမယ့် အချိန်တွေကတော့ည (၉) နာရီအချိန်တွေမှာ ဖြစ်ပါတယ်။ ဦးဇင်းတို့ အဲဒီတရားပွဲတွေကို တိုင်းတပါးက ဆရာတော်ကြီးကို ကြည်ညိုတဲ့သူတွေ ဆရာတော်ကြီးရဲ့ တပည့်တွေလည်းပဲ၊ ဆရာတော်ကြီးတရားပွဲကို တိုက်ရိုက်နားဆင်လို့ ရအောင်ဆိုပြီးတော့ ဦးဇင်းတို့ အင်တာနက်ကနေပြီးတော့ တိုက်ရိုက်လွှင့်မှာပါ။ အားလုံးပဲ ဆရာတော်ကြီးတရားကို နာယူနိုင်ဖို့ရန်အတွက် ဦးဇင်းတို့ စီစဉ်ထားခြင်း ဖြစ်ပါတယ်”
ထိုင်းနိုင်ငံမှာ သီတဂူဆရာတော် တရားဟောကြားတာကို ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပြီး ဆရာတော်ဟာ (၇) ရက်နေ့မနက်မှာ ထိုင်းတောင်ပိုင်းကနေ ရန်ကုန်ကို ပြန်ကြွမယ်လို့လည်း သိရပါတယ်။
တရားနာယူလို့ရမယ့် အင်တာနက်လိပ်စာတွေကတော့ ရုပ်မြင်သံကြားအတွက် http://www.ustream.tv/channel/nivirna နဲ့ အသံအဖြစ် http://www.nibbansaw.com/live-audio.html တို့ဖြစ်ပါတယ်။