သတင်းစာဆရာ ဦးစည်သူအောင်မြင့် အလုပ်နဲ့ ထောင်သုံးနှစ် ချမှတ်ခံရ

2022.10.07
သတင်းစာဆရာ ဦးစည်သူအောင်မြင့် အလုပ်နဲ့ ထောင်သုံးနှစ် ချမှတ်ခံရ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံ သတင်းမီဒီယာလောကမှာ လူသိများသလို ပြည်တွင်း ပြည်ပ မီဒီယာတွေမှာ သတင်းသုံးသပ်ချက်တွေ ရေးသားနေတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ဟာ အင်းစိန်ထောင်အထူးတရားရုံးမှာ အောက်တိုဘာ ၇ ရက် ဒီနေ့မှာ အစိုးရဝန်ထမ်းတွေ အပေါ် ပြစ်မှုကျူးလွန်လာအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က) နဲ့ အလုပ်နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံလိုက်ရတယ်လို့ မိသားစုဝင်တွေနဲ့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဦးစည်သူအောင်မြင့်ဟာ နောက်ထပ် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အထိ ချမှတ်ခံရနိုင်တဲ့ နိုင်ငံတော်အကြည်အညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) အမှုနဲ့ ဗဟန်းမြို့နယ် တရားရုံးမှာ နောက်ထပ်စွဲဆိုခံထားရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ - က အမှု နှစ်ခုကို ဆက်လက်ရင်ဆိုင်ရဦးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီအမှုဟာ ပုဇွန်တောင်မြို့နယ်မှာ စွဲဆိုခံထားရတဲ့ အမှုဖြစ်ပြီး ဒီနေ့ချမှတ်တဲ့အမိန့်ဟာ တရားမျှတမှုမရှိဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"မတရားဖမ်းဆီးပြီး ထောင်ချတယ်။ ဒီလိုပဲပြောလို့ရတာပေါ့။ ဒါပေမဲ့လည်း သူတစ်ယောက်တည်း မဟုတ်တဲ့အခါကျတော့။ စာရေးတာပဲလေ။ ကျန်တဲ့ဟာ ဘာမှလုပ်တာမှ မရှိတာ။ စာရေးဆရာ တစ်ယောက်အနေနဲ့ သူတွေ့တဲ့ဟာကို ဝေဖန်မှာပေါ့။ သူရေးမှာပေါ့။ အခုသူက ကျန်းမာရေးကောင်းပါတယ်တဲ့။ ကိုယ်ရည်တော့ နည်းနည်း စစ်သွားတဲ့တယ်။ ခုနက ရှေ့နေနဲ့တွေ့တုန်းက ပြောတာ"

ဦးစည်သူအောင်မြင့်ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၁၅ ရက်မှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က တိုက်ခန်းတစ်ခုမှာ ဘီဘီစီ မီဒီယာ အက်ရှင် (BBC Media Action) ရဲ့ အလွတ်တန်း ထုတ်လုပ်ရေးမှူးနဲ့ ခံစားကြည့် အစီအစဉ် တင်ဆက်သူ မထက်ထက်ခိုင်နဲ့အတူ ဖမ်းဆီး ခံခဲ့ရတာပါ။

မထက်ထက်ခိုင်ကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီရဲ့ ဗဟန်း မြို့နယ် တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ် ခဲ့သလို စက်တင်ဘာလ ၂၇ ရက်မှာလည်း အင်းစိန်ထောင်အထူးတရားရုံးက မတရား အသင်း ဆက်သွယ်မှု ပုဒ်မ - ၁၇/၁ နဲ့ထောင်ဒဏ်သုံးနှစ် နဲ့ ဒဏ်ငွေတစ်သောင်း ထပ်မံချမှတ်ခဲ့ပါတယ်။

ဦးစည်သူအောင်မြင့်ရဲ့ ရှေ့နေကတော့ ဒီနေ့ ချမှတ်ခံရတဲ့အမိန့်ကို မကျေနပ်တဲ့အတွက် အယူခံဝင်ဖို့ စီစဉ်နေတယ်လို့ RFA ကို ပြောပါတယ်။

"ကျန်းမာရေးကောင်းပါတယ်၊ လန်းလန်းဆန်းဆန်းရှိပါတယ်။ အယူခံဝင်ဖို့တော့ ရှိပါတယ်။ လုပ်ထုံးလုပ်နည်းအတိုင်း လိုအပ်တဲ့ စာရွက်စာတမ်း မိတ္ထူကူးတာတွေ လုပ်ရမှာပါ။ ကျန်တဲ့အမှုကတော့ မသိရသေးဘူးရှင့်"

ဦးစည်သူအောင်မြင့်ဟာ နောက်ထပ် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်တဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ - ၁၂၄ (က) အမှုနဲ့ ဗဟန်းမြို့နယ် တရားရုံးမှာ နောက်ထပ်စွဲဆို ခံထားရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) အမှု နှစ်ခုကို ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမားတွေကို စစ်ကောင်စီက နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဆူပူအောင်လှုံ့ဆော်မှုနဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုလေ့ရှိတာပါ။

အခု နှစ်အတွင်း သတင်းမီဒီယာတွေအပေါ် ချမှတ်တဲ့အမိန့်တွေဟာ စစ်ကောင်စီက သတင်းမီဒီယာတွေအပေါ်ထားတဲ့ တင်းမာတဲ့ မူဝါဒကိုပြသနေတာလို့ သတင်းစာဆရာ ဦးမြင့်ကျော်က RFA ကိုပြောပါတယ်။

"အခုလို ၅၀၅ (က) နဲ့ အမြင့်ဆုံးသုံးနှစ်ချမှတ်တာကတာ့ ဒီနောက်ပိုင်းမှာ တော်တော် များများ သတင်းသမားတွေက အမြင့်ဆုံး ပြစ်ဒဏ်တွေဖြစ်လာတာပေါ့။ မနေ့က ဆိုရင်လည်း ဂျပန်မှတ်တမ်းရုပ်ရှင် ရိုက်ကူးတဲ့သူကိုလည်း အမြင့်ဆုံးပြစ်ဒဏ်တွေ ချထားတာ တွေ့ရတယ်။ မီဒီယာပေါ်မှာတော့ ပိုပြီးတော့တင်းမာတဲ့ မူဝါဒကိုပြသတဲ့ သဘောမျိုးတွေ့ရတယ်။ ဒီနောက်ပိုင်းမှာပေါ့လေ ၂၀၂၂ နှစ်ရဲ့ နှစ်လယ်နောက်ပိုင်း မှာတော့"

ဒါ့ကြောင့် ပြည်တွင်းထဲက သတင်းမီဒီယာတွေအတွက် ပိုပြီးသတိထားဖို့လိုတဲ့ အခြေအနေ ဖြစ်လာပြီး ဖမ်းဆီးခံရရင်လည်း တရားစွဲခံရတဲ့အခါ အမြင့်ဆုံပြစ်ဒဏ်တွေနဲ့ ချမှတ် လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီက သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေပြီး စစ်တပ်က အာဏာသိမ်းပြီး နောက် သတင်းရေးသား ဖော်ပြမှုတွေမှာ အခက်အခဲတွေ ရှိလာတဲ့အတွက် စာဖတ် သူတွေဆီ မှန်ကန်တဲ့ သတင်းအချက်လက်တွေ ပေးနိုင်မှု လျော့နည်းသွားတယ်လို့ ပြည်တွင်း သတင်းမီဒီယာသမားတွေက ပြောပါတယ်။

ဒေသတွင်း သတင်းမီဒီယာတွေ၊ ဖမ်းဆီးခံ သတင်းသမား မိသားစုဝင်တွေရဲ့ ပြောဆို ချက်ပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းအရ စစ်တပ်က အာဏာသိမ်းထားတဲ့ ၁၉ လကျော်အတွင်း မြန်မာနိုင်ငံမှာ သတင်းသမား ၁၃၅ ဦး အဖမ်းခံခဲ့ရပြီး ၇၀ ပြန်လွတ်လာ ခဲ့ပါတယ်။ ၆၅ ဦးကတော့ အခုချိန်ထိ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။ အဲဒီအထဲကမှ သတင်းသမား ၂၉ ဦးဟာ အနည်းဆုံး ထောင်တစ်နှစ်ခွဲကနေ အမျာဆုံး ထောင် ၁၁ နှစ်ထိ အမိန့်ချခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။