စစ်တွေမှာ မွတ်စလင်လူဦးရေ စာရင်းကောက်

ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ မွတ်စလင်လူဦးရေစာရင်းကို ပြည်နယ်အစိုးရ ရဲ့အစီအစဉ်နဲ့ ဒီနေ့မနက်ပိုင်းက စတင်ကောက်ယူနေပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှာ လူဦးရေ ၄ ထောင်ကျော်ရှိရာကနေ သောင်းဂဏန်းလောက်ထိ တိုးလာတယ်ဆိုပြီး သတင်းတွေ ထွက်နေတာကြောင့် စစ်ဆေးတာဖြစ်တယ်လို့ စာရင်းကောက်ယူရာမှာ ပါဝင်တဲ့ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးရွှေလှ က ပြောပါတယ်။

"အောင်မင်္ဂလာရပ်ကွက်မှာ လူဦးရေတိုးပွားတယ်ဆိုပြီးတော့ သတင်းတွေထွက်နေလို့ပါ၊ ပထမတော့ လူဦးရေ ၄ ထောင်ကျော်ရှိပါတယ်၊ အခုက ၁ သောင်း၊ ၂ သောင်းဖြစ်တယ်ဆိုပြီးတော့ သတင်းတွေထွက်တာကြောင့် လူဦးရေစာရင်းလာကောက်တာပါ၊ ကျားဘယ်နှစ်ယောက်၊ မ ဘယ်နှစ်ယောက်၊ အိမ်နံပါတ်က ဘယ်လောက်၊ မွေးတာတိုးတာက ဘယ်လောက်ရှိတယ်၊ အဲ့ဒါတွေကောက်တာပေါ့၊ လာစစ်တော့လည်း သံသယရှင်းသွားတာကိုး "

အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ မွတ်စလင်တွေကို စစ်တွေမြို့ပြင်ကိုပြောင်းရွှေ့ပေးဖို့ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က စစ်တွေမြို့မှာရှိတဲ့ ရဟန်းသံဃာတော်တွေနဲ့ ဒေသခံတွေက ပြည်နယ်အစိုးရထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ တာကြောင့် ရပ်ကွက်အတွင်းမှာရှိတဲ့ မွတ်စလင်လူဦးရေစာရင်းကို အစိုးရက ဒီနေ့ ကောက်ယူခဲ့တာဖြစ်ပါတယ်။

ရခိုင်နဲ့ မွတ်စလင်ကိုယ်စားလှယ်တွေ၊ အစိုးရဌာနဆိုင်ရာတွေပါဝင်တဲ့ စီစစ်ရေးအဖွဲ့ ၅ ဖွဲ့နဲ့ စာရင်းကောက်ယူ ခဲ့တာဖြစ်ပြီး နှစ်နာရီကြာ ကောက်ယူပြီးနောက် ရာသီဥတုဆိုးရွားတာကြောင့် ရပ်ထားခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနောက်ပိုင်း အောင်မင်္ဂလာ ရပ်ကွက်ဟာ စစ်တွေမြို့ရဲ့ တစ်ခုတည်းသော မွတ်စလင်ရပ်ကွက်အဖြစ် ကျန်နေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီရပ်ကွက်မှာ နေအိမ် ၆ဝဝ ကျော်ရှိပြီး လူ ၄ ထောင်ကျော်သာ နေထိုင်တာဖြစ်ကြောင်း လ.ဝ.ကရဲ့ မှတ်တမ်းတွေမှာ ရှိနေတာဖြစ် ပါတယ်။

ဒီနေ့ လူဦးရေစာရင်းကောက်ယူတာနဲ့ပတ်သက်ပြီး ဒေသခံသတင်းသမားတွေကို စာရင်းကောက်ယူတဲ့ အာဏာပိုင်တွေက ဝင်ရောက်သတင်းယူခွင့် မပြုခဲ့ပါဘူး။

RFA အပါအဝင် သတင်းမီဒီယာသမားတွေ ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ဖျက်ခိုင်းခဲ့တဲ့အတွက် အားလုံးက ဖျက်ပေးခဲ့ရပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင် လူဦးရေစာရင်းကောက်ယူတာကို သတင်းရေးသားခြင်း မပြုကြဖို့လည်း သတင်းမီဒီယာသမားတွေကို ပြောပါတယ်။