နိုင်ငံသားကိစ္စ စစ်တွေမှာ ဆန္ဒပြ

ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီမစိစစ်ဘဲ အစိုးရက နိုင်ငံသားအဖြစ် ခွင့်ပြုနေတာကို ရပ်တန့်ပေးဖို့ စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ စစ်တွေမြို့ က ဒေသခံတွေဟာ ဒီနေ့ကစပြီး မတ်လ ၂၅ ရက်နေ့အထိ ၅ ရက်ကြာ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ တောင်းဆိုချက်တွေကို အစိုးရက လိုက်လျောမှ ကန့်ကွက်တာတွေကို ရပ်တန့်နိုင်မှာဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးအောင်ဌေး က ပြောပါတယ်။

"နိုင်ငံသားဥပဒေတွေကို အလေးမထားဘဲနဲ့ သူတို့လုပ်ချင်သလို လုပ်နေမယ်ဆိုရင် ဒီပြဿနာဟာ အဆုံးသတ်မယ် လို့ ကျနော်တို့ပြောလို့မရပါဘူး၊ အမြဲတမ်းကန့်ကွက်ဆန္ဒပြဖော်ထုတ်မှုတွေ ဒီထက်ပြင်းထန်တဲ့ သပိတ်မှောက် မှုတွေအထိ တဆင့်ပြီးတဆင့်လုပ်ရမယ့် အခြေအနေကို ရောက်သွားပါမယ်"

ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ တိတိကျကျစိစစ်ပေးဖို့၊ ဥပဒေနဲ့မညီဘဲ ထုတ်ပေးထား တဲ့ နိုင်ငံသားစိစစ်ရေးကဒ်တွေကို ပြန်လည်ရုပ်သိမ်းပေးဖို့၊ ဥပဒေချိုးဖောက်ကျူးလွန်သူတွေကို အရေးယူပေးဖို့ စတဲ့အချက်တွေကို ဒေသခံတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။

အခုလို နေ့စဉ်ရက်ဆက်ဆန္ဒပြပွဲကို ၈ ရက်ကြာပြုလုပ်ဖို့ စီစဉ်ခဲ့ကြပေမယ့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ခွင့်မပြု တာကြောင့် ၅ ရက်ကြာပြုလုပ်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အစိုးရက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက မွတ်ဆလင်တွေကို နိုင်ငံသားစိစစ်ရေးကဒ်တွေနဲ့ နိုင်ငံ သားပြုခွင့်ရသူဆိုင်ရာကဒ်တွေကို ထုတ်ပေးနေတာဖြစ်ပြီး ဒေသခံတွေဘက်ကတော့ ဒါဟာ ဥပဒေနဲ့အညီ စိစစ်ခဲ့ခြင်းမရှိဘူးဆိုပြီးတော့ ကန့်ကွက်နေကြတာဖြစ်ပါတယ်။

ဒီနေ့ စစ်တွေမြို့က ဆန္ဒပြပွဲမှာ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ဆောင်ရွက်ချက်တွေကို မေးခွန်းထုတ်တဲ့အနေနဲ့ ဌာနရဲ့တံဆိပ်အပေါ်မှာ မေးခွန်းအမှတ်အသားဖော်ပြထားတဲ့ စတစ်ကာတွေကိုလည်း ကိုယ်စီချိတ်ဆွဲထားကြ ပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရရဲ့နိုင်ငံသားစိစစ်ရေးဆောင်ရွက်ချက်တွေအပေါ် အခုလိုကန့်ကွက်နေကြတာနဲ့ပတ်သက်ပြီး အစိုးရဘက်က တစ်စုံတရာ တုန့်ပြန်ပြောဆိုတာ မရှိသေးပါဘူး။