စစ်တွေမှာ မွတ်စလင်တွေကို အိမ်ထောင်စုစာရင်း ထုတ်ပေး


2019.12.09
nvc-card-rakhine-622.JPG ရခိုင်ပြည်နယ် သက္ကယ်ပြင်ကျေးရွာက မွတ်စလင်တွေကို ၂၀၁၆ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က NVC ကတ်ထုတ်ပေးစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာမှာ အမျိုးသားမှတ်ပုံတင်နဲ့ နိုင်ငံသားဦးစီးဌာနက  မွတ်စလင်တွေကို အိမ်ထောင်စုစာရင်းနဲ့ မွေးစာရင်း ဒီနေ့မနက်ကစပြီး ထုတ်ပေးနေတာဖြစ်ပါတယ်။

ဒီကနေ့ ရုံးချိန်အတွင်း အိမ်ထောင်စု ၁၀၀ ခန့်ကို ထုတ်ပေးခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ထုတ်ပေးတဲ့ အိမ်ထောင်စုစာရင်းလျှောက်လွှာထဲမှာ လူမျိုးအမည်ဖော်ပြမထားပေမယ့် အပြီးသတ် ထုတ်ပေးတဲ့ အိမ်ထောင်စုစာရင်းထဲမှာတော့ လူမျိုးနေရာမှာ ဘင်္ဂါလီလို့ဖော်ပြထားသလို ဒီအိမ်ထောင်စုစာရင်းဟာ မြေ၊ အဆောက်အဦ၊ အိမ်ခန်းပိုင်ဆိုင်ခွင့်နဲ့ လုံးဝသက်ဆိုင်ခြင်း မရှိစေရလို့ မှတ်ချက်ပါရှိပါတယ်။

မွေးစာရင်းတွေမှာလည်း ဒီလက်မှတ်ဟာ နိုင်ငံသားဖြစ်မှုအတွက် သက်သေခံ မဖြစ်စေရလို့ဆိုတဲ့ မှတ်ချက်ပါ ရှိပါတယ်။

ဒီလိုဖော်ပြချက်တွေအပေါ်  ဒေသခံတွေက ကန့်ကွက်ပြောဆိုနေကြတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ဦးကတော့ ဒီလိုဖော်ပြချက်တွေကို မကြိုက်တာကြောင့် လက်မခံ နိုင်ဘူးလို့ပြောပါတယ်။

“ကျွန်တော်က ဘင်္ဂလားဒေ့ရှ်က ဝင်လာတာမဟုတ်ဘူး။ ဒါကြောင့် ဘင်္ဂါလီဆိုတဲ့ ဝေါဟာရကို ကျွန်တော်က လုံးဝ သဘောမတူပါဘူးခင်ဗျ။ အခုထုတ်ပေးနေတာကိုလည်း ကျွန်တော်ကသွားယူဖို့ အစီအစဉ်မရှိပါဘူးခင်ဗျ။ အဲ.. ဘင်္ဂါလီနာမည်ကိုဖြုတ်ရင်တော့ ကျွန်တော်လည်းသွားယူမှာပါ။ ဒီနာမည်နဲ့ဆိုရင် တစ်သက်လုံးလည်း အဆင်ပြေ မှာမဟုတ်ပါဘူး။ ဒါနာမည်ကို ပြောင်းကိုပြောင်းရမယ်။ ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်က ဝင်လာတာမှ မဟုတ်တာ။ ကျွန်တော်တို့က မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် အဖိုးအဖီးလက်ထက်ကတည်းကပင် ဒီမှာနေ လာတာ။ ကျွန်တော်တို့ မြန်မာအစိုးရ အနေနဲ့ ကျွန်တော်တို့အပေါ်မှာ ကိုယ်ချင်းစာနာစိတ်၊ တရားမျှတစိတ် ရှိတယ်ဆိုရင် ဒီဘင်္ဂါလီဆိုတဲ့ အသုံးကို ဖြုတ်ကိုဖြုတ်ရမှာပါ”

တစ်ဆက်တည်းမှာပဲ NVC ကတ်ကိုလည်း လျှောက်လိုက လျှောက်နိုင်သလို သုံးခေါက်ချိုး အမျိုးသား မှတ်ပုံတင်ကတ် ကိုင်ဆောင်ထားသူတွေကိုလည်း နိုင်ငံသားလျှောက်လိုက လျှောက်နိုင်ကြောင်း လဝက အရာရှိတွေက အသိပေး ပြောဆိုထားကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီလိုသာလျှောက်လိုက်ရင် ပန်းရောင်နိုင်ငံသားကတ်  ရရှိမှာမဟုတ်ဘဲ အစိမ်းရောင်ပြုနိုင်ငံသား ကတ်သာရရှိမှာဖြစ်တဲ့အတွက် လူတွေကတော့ ဒီအပေါ်မှာ စိတ်ဝင်စားမှု မရှိကြဘူးလို့လည်း သိရပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒုက္ခသည်တစ်ဦးကလည်း အခုလိုပြောပါတယ်။

“ကိုယ့်ဆန္ဒအရ လာလုပ်တဲ့လူလည်းရှိတယ်။ မလာတဲ့လူတွေလည်းရှိတယ်။ အခုက လူတွေက တော်တော်လေး စဉ်းစားနေကြတာလေ။ ကျွန်တော်တို့မှာ အထောက်အထား သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကပင်ကိုင်လာတာ။ ဒါကအထောက်အထား တစ်ခုပဲ။ ဒါကိုသူတို့က ပြုနိုင်ငံသား ပေးမယ် ဆိုရင် ကျွန်တော်တို့ လက်မခံဘူးဆိုပြီး အသံတွေက ထွက်လာတယ်။ တစ်ခါတည်းနိုင်ငံသားကတ် ထုတ်ပေးနိုင်မှ ကျွန်တော်တို့ လက်ခံနိုင်မယ်ဆိုပြီး အဲလိုအသံတွေထွက်လာကြတယ်”

အခုလို ထုတ်ပေးဖို့ မနေ့က ဒုက္ခသည်စခန်းတွေထဲမှာ စခန်းကော်မတီတာဝန်ရှိသူတွေက ကြေညာခဲ့ ကြတာပါ။

ဒီနေ့ အိမ်ထောင်စုစာရင်းတွေ ထုတ်ပေးတဲ့နေရာမှာ ရဲတပ်ဖွဲ့က လုံခြုံရေး အပြည့်ချထားတယ်လို့လည်း သိရပါတယ်။

အရင်ကလည်း လူဝင်မှုကြီးကြပ်ရေးဌာနက မွတ်စလင်တွေကို အိမ်ထောင်စုစာရင်း၊ NVC ကတ်တွေကို ကွင်းဆင်း ထုတ်ပေးဖို့ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပေမယ့် ရိုဟင်ဂျာ-ဘင်္ဂါလီ အသုံးအနှုန်းကိစ္စနဲ့ နိုင်ငံသားဖြစ်ရေး ပြဿနာ တွေကြောင့် မအောင်မြင်ခဲ့ပါဘူး။

အခု ဆက်လက်ထုတ်ပေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လဝကဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျင်းပခဲ့တဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည် နေရာချထားရေးနဲ့ ယာယီစခန်းတွေ ပိတ်သိမ်းရေးဆွေးနွေးပွဲမှာတော့ ဒုက္ခသည်စခန်းတွေနဲ့ ပတ်သက်လို့ စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ လူဦးရေအိမ်ထောင်စုစာရင်းတွေ ကောက်ယူဖို့စီစဉ်ခဲ့တာလို့ ညွှန်ကြားရေးမှူး ဦးအောင်မင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီအစီအစဉ်ကို ပူးပေါင်းဝင်ကြဖို့ကိုလည်း အဲဒီနေ့က ဦးအောင်မင်း က ပြောဆိုခဲ့ပါတယ်။

“ဒီ IDP စခန်းပိတ်သိမ်းရေးဆိုင်ရာ ကိစ္စရပ်တွေဟာ အားလုံးရဲ့အကျိုးစီးပွားဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်နယ် အစိုးရရဲ့၊ နိုင်ငံတော်ရဲ့ လမ်းညွှန်မှုအောက်မှာ ပြည်နယ်အစိုးရရဲ့ ဖော်ဆောင်မှုကို ကျွန်တော်တို့အားလုံး လိုက်နာ မှသာလျှင် ဒါတွေကပြီးမှာပါ”

ဒေသခံမွတ်စလင်တွေကတော့ သူတို့ဟာ ရခိုင်ပြည်နယ်မှာ ဘိုးဘွားစဉ်ဆက်ကပင် နေထိုင်လာခဲ့သူတွေ ဖြစ်တာကြောင့် ဘင်္ဂါလီဆိုတဲ့အသုံးအနှုန်းအပြင် ပြုနိုင်ငံသားပေးမယ့် အစီအစဉ်ကို အဓိက ကန့်ကွက်နေကြ တာလို့ ဆိုကြပါတယ်။

အစိုးရအနေနဲ့  နီးစပ်သူတချို့ကို ဆွေးနွေးပြီး ဆုံးဖြတ်တာမျိုးမဟုတ်ဘဲနဲ့ အောက်ခြေက အများယုံကြည် ကိုးစားတဲ့သူတွေနဲ့ တိုက်ရိုက်ဆွေးနွေးပြီးမှ အားလုံးအဆင်ပြေနိုင်မယ့် နည်းလမ်းကို ရှာဖွေအကောင်အထည် ဖော်ဖို့ လိုလားကြောင်းလည်း မွတ်စလင်တွေက ပြောကြပါတယ်။

အိမ်ထောင်စုစာရင်းနဲ့ မွေးစာရင်းတွေ ထုတ်ပေးတဲ့အစီအစဉ်ကို ဒီနေ့ဒုက္ခသည်တွေကို အဓိက ဆောင်ရွက်တာ ဖြစ်ပေမယ့် နောက်နေ့မှာတော့ ရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေကိုပါဆောင်ရွက်မယ်လို့ သိရကြောင်း သက္ကယ်ပြင်ကျေးရွာတာဝန်ခံ ဦးလှမြင့်က ပြောပါတယ်။

ပဋိပက္ခတွေကြောင့် ၂၀၁၂ နောက်ပိုင်း စစ်တွေမြို့နယ်မှာ သက္ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း၊ အုန်းတောကြီး အစရှိတဲ့ မွတ်စလင်ဒုက္ခသည် စခန်း ၁၀ ခုကျော်ရှိပြီး လူဦးရေကတော့ တစ်သိန်းကျော်ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။