စစ်တွေ ဆန်ပြဿနာ ၄၇ နှစ်မြောက် အောက်မေ့ ဖွယ်နေ့ ကျင်းပ

0:00 / 0:00

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ လူပေါင်း ရာနဲ့ချီသေဆုံးခဲ့တဲ့ ဆန်ရှားပါးမှုပြဿနာ ၄၇ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားတွေကို ရခိုင်အမျိုးသားပါတီ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ နဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေက စစ်တွေမြို့ မှာ ဒီနေ့ကျင်းပခဲ့ကြပါတယ်။

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကျင်းပတဲ့ ၄၇ နှစ်မြောက် ဆန်ရှားပါးမှုပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားနဲ့ ပတ်သက်ပြီး ဦးဆောင်ကျင်းပသူ တစ်ဦးဖြစ်တဲ့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား တစ်ဦးက အခုလိုပြောပါတယ်။

"ကျနော်တို့ ရခိုင်ပြည်နယ်က ဆန်စပါးပေါ တဲ့ဒေသ ဒါပေမဲ့ ဒီလောက်ဆန်စပါးပေါနေ တဲ့ ဒေသတစ်ခုကို ဘာကြောင့် ဒီလိုလုပ်ရတာ လဲပေါ့နော်၊ ဒါကို ကျနော် တို့က သင်ခန်းစာ ယူတာထက် အုပ်ချုပ်သူလူတန်းစား က သင်ခန်းစာယူတာ ပိုကောင်းမယ်လို့ထင်ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ သူတို့လုပ်ခဲ့တဲ့ အလုပ် ဖြစ်နေတဲ့အတွက်ကြောင့်မို့ပါ၊ ကျနော်တို့ ကျောင်းသူကျောင်း သားတွေက ဝမ်းနည်းမှု ခံစားရတယ်လေ၊ ဒီနေ့ကို လုံးဝမေ့လို့မရဘူး၊ ဘာကြောင့်လဲဆိုတော့ ပြည်သူ လူထုတွေ သေဘေးဝင် ခဲ့ရတဲ့အတွက်ကြောင့် ဒါကိုကျနော်တို့ မေ့ဖျောက်လို့မရဘူးလို့ ယူဆပါတယ်"

တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှာ ပြည်တွင်းကဆန်စပါးတွေ ပြည်ပကို အလုံးအရင်းနဲ့ တင်ပို့ခဲ့တာကြောင့် ပြည်တွင်းမှာ ဆန်ရှားပါးမှုပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာလို့ အခမ်းအနားကျင်းပသူတွေက ပြောကြပါတယ်။

ဆန်ရှားပါးတဲ့ပြဿနာကို မကျေနပ်သူ သိန်းနဲ့ချီတဲ့ စစ်တွေမြို့ဒေသခံတွေက လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရကို အလိုမရှိကြောင်း စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြရာ သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရတာလို့ သိရပါတယ်။

၄၇ နှစ်မြောက် ဆန်ရှားပါးမှုပြဿနာ အရေးအခင်း အောက်မေ့ဖွယ်အခမ်းအနားတွေကို ဘူးသီးတောင် ၊ မောင်တော၊ ရသေ့တောင်နဲ့ တခြားမြို့နယ်တွေမှာလည်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။