ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း TNLA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးမိခဲ့တဲ့ TNLA အမျိုးသမီးစစ်သည် ၆ ဦးကို မိမိတို့ တပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ သတင်းဟာ မဟုတ်မမှန်ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင် ၁၉ ရက်နေ့ မနေ့က သတင်း ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ တိုက်ပွဲပြီးချိန်မှာ စစ်ဝတ်စုံဝတ်ထားတဲ့ အမျိုးသား ၃ လောင်း နဲ့ အမျိုးသမီး ၅ လောင်းကို တွေ့ရှိရတဲ့အတွက် မြေမြုပ်သြင်္ဂျိဟ်ခဲ့တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ အဲဒီ ရဲမေ ၆ ဦးကို မြန်မာ့တပ်မတော်က ဖမ်းဆီးသတ်ဖြတ်ပြီး မြုပ်နှံထားခဲ့ကြောင်းနဲ့ သူတို့ ခန္ဓာကိုယ်တွေပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ တခြားနှိပ်စက်ထားတဲ့ ဒဏ်ရာတွေကို မြင်တွေ့ခဲ့ရကြောင်း RFA ကို ပြောကြားခဲ့ပါတယ်။
