တစ်နိုင်ငံလုံးက ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးမယ်ဆိုတဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ ရက် ၁၀၀ စီမံချက်ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရှမ်းပြည်နယ်လွှတ်တော်မှာ ကန့်ကွက်ဖို့ စီစဉ်နေပါတယ်။
စစ်ဘေးဒုက္ခသည်တွေနဲ့ နိုင်ငံရပ်ခြားရောက် ဒေသခံတွေအရေးကို ဦးစားပေးဆောင်ရွက်မှုမရှိဘဲ ရွှေ့ပြောင်း လုပ်သားတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးဖို့ပြင်ဆင်တာကို သဘောမတူလို့ လွှတ်တော်မှာ အဆိုတင် သွားမှာဖြစ်တယ်လို့ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
"ကျနော်တို့ဖြစ်စေချင်တာက အဲ့ဒါတွေကိုထုတ်မပေးခင်မှာ စစ်ဘေးရှောင်တွေ၊ နောက်နိုင်ငံခြားထွက် ပြီးအလုပ်လုပ်နေတယ်၊ အဲ့ဒီလူတွေကို အရင်ဦးစားပေးပြီး နေရာချထားပေးရမယ်၊ စစ်ပွဲကိစ္စကျတော့ ဘာတစ်ခုမှမပြောဘဲနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဦးစားပေးလုပ်တာတော့ သဘောမကျဘူး၊ အဲ့ဒါတွေလုပ်မယ့်အစား စစ်ဘေးရှောင်တွေ၊ နောက်နိုင်ငံခြားထွက်ပြီး အလုပ်လုပ်နေရတဲ့ သူတွေရယ်၊ ဒေသခံတွေကို အရင်ဦးစားပေးပြီးမှ ကြိုတင်ပြင်ဆင်ပေးပါ၊ ပြည်နယ်လွှတ်တော်မှာ ပထမဆုံးတင်ကြည့်မယ်၊ အဆင်မပြေဘူးဆိုမှ ပြည်ထောင်စုကို တက်ရင်တက်ရမယ်"
ကျေးရွာ နဲ့ ရပ်ကွက် တစ်ခုခုမှာ ၆ လကြာ အခြေချနေထိုင်ရုံနဲ့ အိမ်ထောင်စုစာရင်းတွေကို ထုတ်ပေးမယ်ဆိုရင် အိမ်ထောင်စုစာရင်းအရေအတွက် ဖောင်းပွတာ၊ မှတ်ပုံတင် အရေအတွက်တွေ ဖောင်းပွတာနဲ့ ရွေးကောက် ပွဲတွေမှာ မဲမသမာမှုတွေရှိလာနိုင်မယ့် အနေအထားတွေကိုလည်း ပြည်နယ်လွှတ်တော်မှာ တင်ပြသွားမယ် လို့ ပြောပါတယ်။
အစိုးရအနေနဲ့ ရှမ်းပြည်နယ်က စစ်ပွဲတွေနဲ့ပတ်သက်ပြီး ဝင်ရောက်ပြောဆိုတာမရှိသလို စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးကိုကူညီထောက်ပံ့မှု အားနည်းတာ၊ စစ်ဘေးဒုက္ခသည်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ကူညီထောက်ပံ့မှုတွေအားနည်းနေတာ တွေ့ရတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကစပြီး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ရက် ၁၀၀ စီမံချက်နဲ့ အိမ်ထောင်စုစာရင်း နှစ်သောင်းခွဲကျော်ကို ချထားပေးပြီးဖြစ်ပါတယ်။