ရေဦးတိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ် က ခုနစ်ဦး သေဆုံး

2022.01.21
ရေဦးတိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ် က ခုနစ်ဦး သေဆုံး ရေဦးမြို့နယ် ချမ်းသာရွာဘုန်းကြီးကျောင်းပစ္စည်းတွေကို ၂၀၂၂ ဇန်နဝါရီ ၂ဝ ရက်နေ့က စစ်တပ်ဖျက်ဆီးထားစဥ်
Photo: Information Ye-u New

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရွာမိသာကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ် ရေးတပ်ဖွဲ့တို့ ဇန်နဝါရီလ ၂၁ ရက် ဒီနေ့မှာ မိနစ် ၄၀ ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဝင် ဆယ်ဦးက ခုခံတိုက်ခိုက်ရာမှာ ပိတ်ဆို့ခံခဲ့ရပြီး သေဆုံးခဲ့တာလို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ရဲဘော် ဆိုလို က ပြောပါတယ်။

“ချမ်းသာရွာကို စစ်ကြောင်းထိုးလာတာ။ ရွာက ကာကွယ်ရေးအဖွဲ့က ခုခံတာပေါ့။ အဲဒီမှာ ပိတ်မိသွားတော့ ကာကွယ်ရေးအဖွဲ့ကလည်း သွားပြီး ဝိုင်းပစ်ကူပေးခဲ့တယ်။ သုံးယောက်ကိုတော့ ကယ်ထုတ်နိုင်ခဲ့ပြီး ခုနစ်ယောက်တော့ သေဆုံးသွားတယ်။ အနီးကပ်ပစ်ခံထားရတာတွေရှိသလို နှစ်ယောက်ကတော့ မီးရှို့သတ်ခံထားရတယ်"

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ် မပြည့်သူ နှစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိပေမယ့် အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ မနေ့ကတည်းက ချမ်းသာရွာဘက်ကို ရောက်ရှိလာ ပြီးနောက် အဲဒီရွာအပါ အဝင် ရွာမိသာ၊ ကုန်းသာ၊ နှောကုန်း၊ ကုန်းကြီး စတဲ့ကျေးရွာပေါင်း ငါးရွာလောက်က ဒေသခံ သုံးထောင်ဝန်းကျင်ဟာ အခြားရွာတွေကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းက စစ်သားတွေဟာ အရပ်ဝတ်တွေ ဝတ်ဆင်ထားသလို ပျူစောထီး တွေလည်း ပါဝင်တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
စစ်သားတွေဟာ ရွာမိသာရွာအနီးက ဆိုင်ကယ် ခုနစ်စီးလောက်ကိုလည်း မီးရှို့သွားတယ်လို့ ဆိုပါတယ်။

ဒီနေ့တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။