စစ်ကိုင်းတိုင်း ကျေးရွာနှစ်ရွာ မီးရှို့ခံရပြီး အရပ်သားနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းက မွေ့တုံရွာနဲ့ မင်းရွာတွေကို ဒီကနေ့ ဇူလိုင် ၇ ရက်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းရာကနေ လူနေအိမ် ၁၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့ပြီး မပြေးနိုင်တဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားနှစ်ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက RFA ကို ပြောပါတယ်။

မီးလောင်မှုကြောင့် မွေ့တုံရွာက နေအိမ် ၄၀ ဝန်းကျင်နဲ့ မင်းရွာက နေအိမ် ၆၀ ကျော် ဆုံးရှုံးခဲ့သလို မွေ့တုံရွာက အသက် ၈၀ အရွယ် ဦးတင်ဖေနဲ့ မင်းရွာက အသက် ၇၀ အရွယ် ဦးကျော်ဟန်တို့ မီးလောင်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စီးနင်းမှုကြောင့် အရပ်သားတွေအားလုံး အနီးအနားကျေးရွာတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လကုန်ပိုင်းကလည်း ပုလဲမြို့နယ်အတွင်း ကျေးရွာတွေအနီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ပုလဲမြို့နယ်၊ ကျားသစ်နက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အဖွဲ့ဝင် ဆရာဖိုးသားက ပြောပါတယ်။

“ဒီနယ်ဘက်မှာ တိုက်ပွဲဖြစ်နေတာ တစ်ပတ်လောက်ရှိနေပြီ၊ စစ်သားတွေက မွေ့တုံရွာ ဘက်မှာ တပ်စွဲထားတယ်။ တပ်စွဲထားပြီးတော့ အထွက်ကို မီးရှို့တာ ဒေသခံအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာ၊ အခုလည်း အနီးနားက နွားကူးရွာနားမှာ တိုက်ပွဲဖြစ်နေတုန်းပဲ၊ ဒေသခံတွေကတော့ ထွက်ပြေးနေရတယ်“

အဲ့ဒီတိုက်ပွဲတွေကြောင့် ပုလဲမြို့နယ်ထဲက ရွှေလောင်း၊ ကုန်းကြီး၊ လက်ပံအေး၊ ဖိုကုန်း၊ ကန်ပေါက်၊ လှော်ကားနဲ့ ပန်းရွာ အပါအဝင် ရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။