ယင်းမာပင်မြို့ ထန်းဇင်ရွာမှာ နေအိမ် ၁၇ လုံး မီးရှို့ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ထန်းဇင်ရွာက နေအိမ် ၁၇ လုံးကို ဧပြီလ ၁၁ ရက် ဒီနေ့ မနက်ပိုင်း စစ်ကောင်စီတပ်သားတွေက လာရောက်မီးရှို့သွားတယ်လို့ ထန်းဇင်ရွာ ဒေသခံတွေက RFA ကို ပြောပါတယ်။

ထန်းဇင်ရွာနဲ့ ကပ်လျက် ဘန့်ဘွေးရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီနေ့မနက်ပိုင်း အဝေးပစ် လက်လုပ်လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ထန်းဇင်ရွာကို အခုလို မီးလာရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။

ထန်းဇင်ရွာ အစွန်မှာရှိတဲ့ ယာကြီး - ကလေးဝလမ်းပေါ်က နေအိမ်တွေကို ဘာမှ မဆိုင်ဘဲ မီးရှို့သွားတာလို့ ဒေသခံရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ကို လာပစ်တာက PDF တွေ၊ အပြင်က လာပစ်တာ။ အဲဒါကို သူတို့လည်း သိတယ်။ အခုက ဘာမှမဆိုင်တဲ့ အိမ်တွေကို မီးတင်ရှို့သွားတာ”

ယင်းမာပင်မြို့နယ်ထဲက ရွာအချို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေ မကြာခဏ ပစ်ခတ်မှုတွေဖြစ်တာ၊ မိုင်းဆွဲတိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာကို မီးရှို့သွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအပေါ် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကလည်း ထန်းဇင်ရွာက နေအိမ် ၁၅ လုံးနဲ့ ဘန့်ဘွေးမြောက်ရွာက နေအိမ်သုံးလုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။