တောင်ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် ဝန်ကြီးချုပ် အီဂျဲမြောင်က သူနဲ့တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ဦး ကို မြန်မာစစ်ကောင်စီက စွပ်စွဲအရေးယူခဲ့တာနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့တောင်းဆိုတဲ့ စာတစောင်ကို ဆိုးလ်မြို့ရှိ မြန်မာသံရုံးက တဆင့် (မတ်လ ၃ဝ ရက်) မနေ့က ပေးပို့လိုက်ပါတယ်။ ဒီအတောအတွင်း တောင်ကိုရီးယားနိုင်ငံရှိ ပါတီနဲ့ အဖွဲ့အစည်းပေါင်း ၃ဝဝ ကျော်ကလည်း စစ်ကောင်စီ အာဏာသိမ်းမှုကို ကြေညာချက်ထုတ်ပြန် ရှုတ်ချခဲ့ပါတယ်။
တောင်ကိုရီးယားရှိ မြန်မာ့အရေးလှုပ်ရှားသူ ဦးရန်နိုင်ထွန်းနဲ့ ဦးစိုးမိုးသူ တို့က ဂယောင်ဂီပြည်နယ် ဝန်ကြီးချုပ် အီဂျဲမြောင်ကို မတ်လဆန်းက သွားရောက်တွေ့ဆုံပြီး မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ဆွေးနွေးတင်ပြခဲ့ပါတယ်။ ဒီကိစ္စနဲ့ဆက်နွယ်ပြီး စစ်ကောင်စီ မီဒီယာတွေက ဒီပုဂ္ဂိုလ်နှစ်ဦးဟာ မြန်မာနိုင်ငံကို နိုင်ငံတကာရဲ့ နားလည်မှု လွဲမှားအောင်နဲ့ စစ်တပ်ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ အခုလို စွပ်စွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ ဖြေရှင်းချက်ပေးဖို့ ဝန်ကြီးချုပ် အီဂျဲမြောင် က တောင်းဆိုခဲ့ပါတယ်။ အဲဒီလိုတောင်းဆိုတဲ့စာကို သူ့ရဲ့ကိုယ်ရေးအရာရှိက ဆိုးလ်မြို့ရှိ မြန်မာသံရုံးကို မနေ့က သွားရောက် ပေးပို့ခဲ့ပါတယ်။
စစ်ကောင်စီစွပ်စွဲမှုမှာ ပါဝင်တဲ့ ဦးရန်နိုင်ထွန်းဟာ တောင်ကိုရီးယားနိုင်ငံမှာ နှစ်ပေါင်းများစွာနေထိုင်ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် အစဉ်တစိုက် လှုပ်ရှားနေသူဖြစ်ပါတယ်။ ဝန်ကြီးချုပ် အီဂျဲမြောင်နဲ့ တွေ့ဆုံစဉ်မှာ သူတို့အနေနဲ့ မြန်မာပြည်ရဲ့ အခြေအနေတွေကို အမှန်အတိုင်း တင်ပြခဲ့ခြင်းသာဖြစ်ပါတယ်လို့ RFA ကို သူကပြောပါတယ်။
"ပြည်သူတွေကို ဘယ်လိုသတ်ဖြတ်နေတယ်။ ဖမ်းဆီးနေတယ်ဆိုတာတွေကို ကျနော်တို့ အကျယ်တဝင့် ရှင်းပြခဲ့တယ်၊ သူတို့ကလည်း စိတ်ဝင်တစားမေးမြန်းတယ်။ ဒါကို စစ်ကောင်စီဘက်ကနေပြီးတော့ ကျနော်တို့ နာမည်တွေ၊ မိဘအမည်တွေ ဇနီးမယားအမည်တွေနဲ့ မီဒီယာတွေမှာ ဖော်ပြပြီး ဖမ်းဝရမ်းထုတ်ထားတယ်ပေါ့ဗျာ။ အဲဒီအတွက် ဒီဂယောင်ဂီပြည်နယ် ဝန်ကြီးချုပ်ကနေ စစ်ကောင်စီကို ဘာကြောင့် ဒီလို ဖမ်းဝရမ်းထုတ်ရတာလဲ။ ကျနော်တို့ နှစ်ဦး ပြောခဲ့တာတွေက အမှန်တွေချည်းပဲ။ သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးတော့လည်း ဒီအချက်တွေက မှန်ကန်နေတယ်၊ ဒါကြောင့် ဒီကိစ္စကို ဖြေရှင်းပါလို့ တောင်းဆိုတာပေါ့။"
အဲဒီ ဂယောင်ဂီပြည်နယ် ဝန်ကြီးချုပ် အီဂျဲမြောင်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတလောင်းအဖြစ် နာမည်ကျော်နေပြီး ပြည်သူတွေက အလွန်လေးစားကြည်ညိုသူ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီအတောအတွင်းမှာပဲ တောင်ကိုရီးယားမှာရှိတဲ့ အာဏာရဒီမိုကရက်တစ်ပါတီ အပါအဝင် ပါတီနဲ့ အဖွဲ့အစည်းပေါင်း ၃ဝဝ ကျော်ကလည်း တော်လှန်ရေးနေ့မှာ မြန်မာစစ်တပ်က ပြည်သူ ၁ဝဝ ကျော် သတ်ဖြတ်ခဲ့မှုအပါအဝင် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ချက်ခြင်းရပ်ဖို့ ကြေညာချက်တစောင်ကို မတ်လ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ လှုပ်ရှားမှုမှာပါဝင်တဲ့ ဦးစိုးမိုးသူက အဲဒီကြေညာချက်ကို စစ်ကောင်စီက တော်လှန်ရေးနေ့မှာ လူသတ်မှုတွေပြုလုပ်ခဲ့ပြီးနောက် ၂ ရက်အတွင်း ရသမျှအဖွဲ့အစည်းတွေကို သူတို့ စုစည်းပြီး အလျင်အမြန် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ပါဝင်လိုတဲ့ အဖွဲ့တွေ အများအပြားကျန်ရှိသေးတယ်လို့ ပြောပါတယ်။
“မတ်လ ၂၇ ရက်နေ့က ကျနော်တို့ သူရဲကောင်း ၁၁၄ ယောက်ကျဆုံးသွားတယ်လေ။ အဲဒီလိုဖြစ်ပျက် သွားတာနဲ့ ပတ်သက်ပြီး စုပေါင်းထုတ်ကြတာ။ အာဏာရပါတီ အပါအဝင် ပါတီ ၁၅ ခုပါတယ်။ နောက် ဒီမိုကရစ်တစ် အလုပ်သမားသမဂ္ဂပေါင်းချုပ်၊ ရွှေ့ပြောင်းလုပ်သားအဖွဲ့အစည်းအားလုံးပါတယ်။ အာရှ လူအခွင့်အရေးနဲ့ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ပါတယ်။ ကိုရီးယားလူငယ်များသမဂ္ဂပါတယ်။ နောက်တခါ နိုင်ငံလုံးဆိုင်ရာ ဆရာများသမဂ္ဂပါတယ်။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပါတယ်”
အဲဒီတောင်းဆိုချက်မှာ မြန်မာပြည်သူတွေက စစ်တပ်ကို အရှုံးမပေးဘဲ သူတို့ရဲ့တော်လှန်ရေး စိတ်ဓာတ်ကို နိုင်ငံတကာအား ရဲရင့်စွာ ပြသသွားခဲ့ကြကြောင်း၊ ဒါဟာ သမိုင်းဝင်မှတ်တမ်းတခု ဖြစ်ကြောင်း၊ မြန်မာလူထုရဲ့ တရားသောတော်လှန်ရေး မုချအောင်မြင်မှာဖြစ်ကြောင်းနဲ့ သူတို့ ကိုရီးယားတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ကြီးမြတ်လှတဲ့ အရေးတော်ပုံ အောင်မြင်တဲ့အထိ ကူညီရပ်တည်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ လက်ရှိမြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကို အများဆုံးအားပေးထောက်ခံနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။
