အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့၊ မြန်မာဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ်ကို၊ အရှေ့တောင်အာရှ လွှတ်တော်အမတ်များအဖွဲ့ APHR က ဒီနေ့ ဇူလိုင် ၁၈ ရက်မှာ တိုက်တွန်းလိုက်ကြပါတယ်။
အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံထားရတဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆော့ခွန်းက သူ့ရဲ့ လတ်တလော မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် NUG ကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ APHR အဖွဲ့က ထပ်မံတိုက်တွန်းလိုက်တာပါ။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပြောဆိုသင့်တယ်လို့လည်း APHR အဖွဲ့ရဲ့ကြေညာချက်မှာ ထောက်ပြထားပါတယ်။
အခုဆိုရင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တွေဟာ ပြည်တွင်းပြည်ပ နည်းမျိုးစုံနဲ့ ရှောင်တိမ်းနေထိုင်ရတာကြောင့် မြန်မာပြည် ပြင်ပမှာဖြစ်ဖြစ်၊ ဒါမှမဟုတ် အွန်လိုင်းကဖြစ်ဖြစ် တွေ့ဆုံသင့်တယ်လို့ ဆိုပါတယ်။
NUG အစိုးရအဖွဲ့ကို ၂၀၂၁ ခုနှစ် ဧပြီလမှာ၊ ပြည်သူအများ လေးစားရတဲ့ အရပ်ဘက်ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ရဲ့ လွှတ်တော်အမတ်ဟောင်း Tom Villarin က - မြန်မာနိုင်ငံသား အများစုဟာ NUG ကို သူတို့ရဲ့တရားဝင်အစိုးရအဖြစ် ရှုမြင်နေကြတယ်ဆိုတာ နိုင်ငံတကာအသိုင်းအဝန်း - အထူးသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ သိရှိကြဖို့လိုကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Prak Sokhonn အနေနဲ့ အာဆီယံနဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရေးကို အလေးအနက်ထားတယ်ဆိုရင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့တာထက် NUG နဲ့ တရားဝင် ထိတွေ့ဆက်ဆံရမှာဖြစ်ကြောင်း ပြောဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ၂ဝ၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က အာဏာသိမ်းစစ် ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့အထူးဆွေးနွေးပွဲမှာ ချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေနဲ့ အာဆီယံဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူ့အဖွဲ့က တာဝန်ယူအောင် အာဆီယံက ကြိုးစားဖို့ ထပ်မံတိုက်တွန်းတယ်လို့လည်း APHR အဖွဲ့က ပြောပါတယ်။
အဲဒီအပြင် မြန်မာစစ်တပ်ဟာ တိုင်းပြည်မတည်ငြိမ်ရတဲ့ အဓိကလက်သည်ဖြစ်ပြီး အာဆီယံအသင်းဝင်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့တရားမဝင် အုပ်ချုပ်မှုကို အသိအမှတ်မပြုသင့်ဘူးလို့ ထပ်လောင်းပြောဆိုပါတယ်။
မြန်မာပြည် ကျဆုံးနေတာကို ပြန်ဆယ်ပြီး ပုံမှန်အခြေအနေ ပြန်ရောက်ဖို့နဲ့ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်တာကို အမှန်တကယ်မြင်လိုတယ်ဆိုရင် NUG နဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီသင့်တယ်လို့လည်း APHR အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။