ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည်လွတ်မြောက်လာရေးအတွက် စစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းဘုန်းဟန်က ဇူလိုင်လ ၇ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
သူဟာ SSPP/SSA ဌာနချုပ်ရှိရာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေးအတွက် ရုပ်သံရိုက်ကူးခဲ့ပြီးနောက် ဇူလိုင်လ ၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ ဝမ်ဟိုင်းကနေ လားရှိုးကိုအပြန် ရှမ်းပြည်တောင်ပိုင်း ကျေးသီးနဲ့ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်အစပ် နမ့်လောင်းတံတားမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာ လို့ SSPP က အတည်ပြုပါတယ်။
သင်ဇာဝင့်ကျော်အပြင် နောက်ထပ် မိတ်ကပ်ဆရာနဲ့ အမျိုးသား လေးဦး စုစုပေါင်း ခြောက်ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ပြန်လည်လွတ်မြောက်လာရေးအတွက် နှစ်ဖက်ညှိနှိုင်းနေတယ်လို့ ဗိုလ်မှူး စိုင်းဘုန်းဟန်က ပြောပါတယ်။
"ကျေးသီးနဲ့ မိုင်းရယ်အစပ်မှာ နမ့်လောင်းစစ်တပ်ဂိတ်ရှိတယ်။ အဲဒီကနေ မိုင်းရယ် ဗျူဟာမှူးကနေ လားရှိုးကို ခေါ်သွားတယ်။ ကျနော်တို့ဒေသကို လာတဲ့အချိန် ဒီလို ဖြစ်တာဆိုတော့ အခုကျနော်တို့ ဌာနတာဝန်ရှိသူတွေက နေပြည်တော်က စစ်တပ် တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေပါတယ်"
သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇူလိုင်လ ၃ ရက်နေ့မှာ SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ ရိုက်ကူးရေး စတင်ခဲ့ပြီး အဲနေ့ ညနေမှာပဲ SSPP ဝတ်စုံနဲ့ SSPP ဌာနအရာရှိတစ်ဦးရဲ့ သမီး မင်္ဂလာဆောင်ကို တက်ရောက်ခဲ့တဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့တာပါ။
စစ်ကောင်စီရဲ့သတင်းတွေကို ဖော်ပြပေးနေတဲ့ ဟန်ငြိမ်းဦး တယ်လီဂရန်ချန်နယ် ကနေလည်း သရုပ်ဆောင် သင်ဇာဝင့်ကျော် SSPP ဝတ်စုံနဲ့ ရိုက်ထားတဲ့ဓာတ်ပုံကို ဖြန့်ဝေပြီး ဖမ်းဆီးသင့်ကြောင်း ဖော်ပြခဲ့ပါတယ်။
အခု ဖမ်းဆီးခံရတဲ့ကိစ္စအတွက် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
SSPP တပ်ဖွဲ့ဟာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်မှာ လက်မှတ် ရေးထိုးထားပေမယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုစာချုပ် NCA မှာတော့ လက်မှတ် မရေးထိုးထားပါဘူး။
လက်ရှိ စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ စာရင်း ပေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲမှာ ပါဝင်ပေမယ့် ဒီနေ့အထိတော့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာမျိုးတော့ မရှိသေးပါဘူး။