SSPP နဲ့ RCSS တို့ ထပ်မံတေ့ွဆုံညှိနှိုင်းဖို့ သဘောတူညီမှုရ
2018.08.12

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား တိုက်ပွဲတွေ လုံးဝမရှိတော့တဲ့အထိ ထပ်မံ တွေ့ဆုံညှိနှိုင်းဖို့ တောင်ကြီးမြို့မှာ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ နှစ်ဘက် သဘောတူညီခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ခုရဲ့ သတင်းထုတ်ပြန်ရေးဌာနတွေက အပြန်အလှန် ပုတ်ခတ်ရေးသား နေမှုတွေကို ရပ်တန့်ဖို့ နဲ့ တိုက်ပွဲတွေ လုံး၀ ရပ်စဲရေး ဆက်လက်တွေ့ဆုံဖို့ သဘောတူညီချက်ရခဲ့တယ်လို့ အဲဒီနှစ်ဖွဲ့ ကို ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ SNLD ကျားခေါင်းပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး စိုင်းလိတ် က ပြောပါတယ်။
"ကြားထဲကနေ ညှိုနှိုင်းပေးတာပေါ့နော်၊ နှစ်ဖက် အပစ်အခတ် ရပ်စဲနိုင်အောင် ထိတွေ့မှုတွေ တစ်ခါတည်း ပြီးဆုံးသွားအောင်ပေါ့နော်၊ နောက်တစ်ချက်က နှစ်ဖက် သတင်းထုတ်ပြန်ရေး ဌာနများကနေ တဖက်နဲ့တဖက် ပုတ်ခတ်ရေးသားနေတဲ့ ကိစ္စတွေကို အမြန်ဆုံးရပ်တန့်ဖို့ ဒီအချက်တွေကို အခြေခံပြီးတော့မှ သဘောတူညီချက် ရတယ်။ အဲဒီကနေပြီးတော့မှ ဆက်စပ်ပြီးတော့မှ နောက်ဆုံးထိတွေ့မှုတွေကို လုံးဝရပ်တန့်သွားတဲ့အထိ ညှိုနှိုင်သွားဖို့အတွက်ကို ဆက်လက်ပြီးတော့မှ တွေ့ဆုံသွားဖို့ အဲလို သဘောတူညီချက်တော့ ရသွားပါတယ် ခင်ဗျ"
ရှမ်းလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကြားက တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ ရှိသလို ထိခိုက်နစ်နာမှုတွေရှိလာတဲ့အတွက် နိုင်ငံရေးပါတီတွေက ကြားဝင်ညှိနှိုင်းပေးဖို့ ပြည်သူတွေနဲ့ သံဃာတော် တွေက တောင်းဆိုလာတာကြောင့် ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (SSJAC) အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က စေ့စပ်ညှိနှိုင်းပေးခဲ့တာလို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက တအာင်းပလောင်အဖွဲ့ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းတပ်တွေနဲ့ RCSS အဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
တောင်ကြီးမြို့မှာ သြဂုတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေက နှစ်ရက်ကြာ ပြုလုပ်ခဲ့ဲတဲ့ တွေ့ဆုံပွဲမှာ တတိယ အကြိမ် ၂၁ ရာစုပင်လုံညီလာခံနဲ့ ပတ်သက်တာတွေလည်း ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲ ကို RCSS/SSA အဖွဲ့က ဒုတိယ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ဘောင်ခေး၊ SSPP က ဗိုလ်မှူးချုပ် စိုင်းကျော်လှ တို့ ဦးဆောင်တက်ရောက်ခဲ့ပြီး SNLD ကျားခေါင်းပါတီက အတွင်းရေးမှူး စိုင်းညွန့်လွင် ၊ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ် တို့ တက်ရောက်ခဲ့ပါတယ်။