ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိူးနဲ့ သီပေါမြို့ကြားမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အမှတ် (၁၀) အုပ်ချုပ်ရေးဌာနစခန်းကို တပ်မတော်က ဒီရက်ပိုင်းတွေအတွင်း ထိုး စစ်ဆင်တိုက်ခိုက်နေတာဟာ စစ်ရေးပဋိပက္ခကို ကြီးထွားစေတာကြောင့် ကန့်ကွက်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုဌာနချုပ်က မနေ့က မေလ ၁၉ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
SSPP/SSA အမှတ် (၁၀) အုပ်ချုပ်ရေးစခန်းကို အစိုးရတပ်မတော်နဲ့ အတူ နမ့်မပြည်သူ့စစ်၊ နမ့်ပေါင်ပြည်သူ့စစ်၊ မန်ပန်ပြည်သူ့စစ် ပူးတွဲအင်အား ၇၀၀ ကျော်အပါအဝင် တပ်မတော်က MI-35 လေကြောင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ၂၁ ရာစု ပင်လုံညီလာခံကျင်းပဖို့ အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေကို SSPP/SSA အနေနဲ့ ထောက်ခံကြိုဆိုကြောင်းနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်း နိုင်ရေးအတွက် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ထိုးစစ်ဆင်နေတာတွေကို ရပ်ဆိုင်းဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
တပ်မတော်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ နယ်မြေစိုးမိုးရေး အကြောင်းပြပြီး ထိုးစစ်ဆင်တိုက်ခိုက်နေ တာတွေဟာ အစိုးရသစ်က ကြိုးစားနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလို့ သံသယရှိကြောင်းလည်း ပါရှိပါတယ်။
SSPP/SSA တပ်ဖွဲ့ဟာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
