စစ်ပွဲတွေ ရပ်တန့်ဖို့ မနေ့က ဆန္ဒပြရာမှာ ဖမ်းဆီးခံလိုက်ရသူ ၈ ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ ဗဟန်းမြို့နယ် ရဲစခန်းက အမှုဖွင့်လိုက်ပြီး အာမခံ ပေးလိုက်ပါတယ်။
ပြန်လည်လွတ်မြောက်လာသူတွေထဲက ကိုဇေယျာလွင်က သူတို့ကို အမှုဖွင့်လိုက်တာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
"ချုပ်မိန့်ကို ကင်းလွတ်ခွင့် အာမခံနဲ့ ကျနော်တို့ကို ဒီနေ့ ပြန်လွှတ်လိုက်ပါတယ်၊ ဒီနေ့ လွှတ်ပြီးတဲ့နောက် ၁၅ ရက်အတွင်းမှာ ပုဒ်မ ၂ဝ နဲ့ ဗဟန်းတရားရုံးကနေ တရားရုံးကို ဆင့်ခေါ်ဖို့အတွက်ကို ရဲစခန်း စခန်းမှူးကနေ အကြောင်းကြားပါလိမ့်မယ်၊ အဲဒီအခါကျရင် ကျနော်တို့ တရားရုံးကိုတက်ပြီးတော့ တရားရုံးမှာ ရင်ဆိုင်ရပါလိမ့်မယ်"
မနေ့က ရန်ကုန်မြို့ တာမွေဂုံးကျော်တံတားအောက်ကနေ ဆူးလေ မြို့တော်ခန်းမရှေ့အထိ ချီတက်ဆန္ဒပြမယ့် သူတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲပြီး ဆန္ဒပြသူတွေထဲက ၉ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တစ်ဦးက မနေ့ညက ပြန်လွှတ်ပေးလိုက်ပြီး ကျန်တဲ့သူ ၈ ဦးကို ဒီနေ့ အာမခံပေးလိုက်တာဖြစ်ပါတယ်။
အဲဒီ ၈ ဦးထဲမှာ ကိုဇေယျာလွင်၊ ကိုမြတ်ကျော်၊ ကိုတင်ထွတ်ပိုင်၊ မခင်စန္ဒာ၊ ကိုဖိုးစိုး တို့ ပါဝင်ပါတယ်။
ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကို မနေ့က ရဲတပ်ဖွဲ့က ဟန့်တားပိတ်ဆို့ခဲ့တဲ့အတွက် လူစုခွဲဖို့ ဆန္ဒပြသူတွေက ညှိနှိုင်းပြီးတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ် လူပုဂ္ဂိုလ်တွေက အတင်းအဓမ္မဝင်ရောက်ရိုက်နှက်ပြီး ဖမ်းဆီးခဲ့တယ်လို့ လှုပ်ရှားမှုကော်မတီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဥပဒေမဲ့ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း၊ ဖမ်းဆီးရာမှာ အမျိုးသားရေးသမား ဆိုသူတွေက ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့တဲ့အပေါ် စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ငြိမ်းချမ်းစွာလူစုခွဲနေတဲ့ ပြည်သူတွေက ဥပဒေမဲ့ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးဖို့ ခိုင်းစေတဲ့တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။
မနေ့က ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွဲတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်တွေက ကန့်ကွက်ရှုတ်ချကြောင်း ပြောပါတယ်။