စစ်ပွဲတွေ ရပ်တန့်ဖို့ လူမှုအဖွဲ့အစည်းတွေနဲ့ လူငယ်အဖွဲ့တွေ ဆွေးနွေး

ပြည်တွင်းစစ် ရပ်တန့်ဖို့အတွက် ထိရောက်တဲ့ လူထုလှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးကို လိုလားတဲ့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ လူငယ်အဖွဲ့တွေပူးပေါင်းပြီး ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာကို ဒီကနေ့ ရန်ကုန်တက္ကသိုလ်ထဲက ထွန်းတောက်စားသောက်ဆိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အခုလိုတွေ့ဆုံဆွေးနွေးမှုကနေ ငြိမ်းချမ်းရေးအမြန်ရရှိဖို့အတွက် ဘယ်လိုကူညီသွားကြမလဲဆို အဖြေရှာပြီး ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ မအက်စတာ က ပြောပါတယ်။

"ကျမတို့က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ရန်ကုန်မှာရှိနေတဲ့ CSO တစ်ဖွဲ့ချင်းစီတိုင်းကလည်း ကိုယ့်ဟာနဲ့ ကိုယ်လှုပ်ရှားမှုတွေလုပ်နေတယ်၊ ကိုယ့်ဟာနဲ့ ကိုယ်တောင်းဆိုမှုတွေ လုပ်နေတယ်ပေါ့နော်၊ ဒါပေမဲ့လို့ အခုအချိန်မှာ တစုတစည်းတည်းလိုမျိုး Activity တစ်ခုခုပေ့ါ ဘာများပူးပေါင်းပြီးလုပ်နိုင်မလဲ၊ အဲ့အခါကျမှ ပိုပြီးထိထိရောက်ရောက်လုပ်နိုင်မယ်လို့ ကျမတို့မြင်မိတယ်"

လာမယ့် ပြည်ထောင်စုနေ့မတိုင်ခင် ပြည်တွင်းစစ်ရပ်စဲရေးအတွက် တောင်းဆိုတဲ့ လူထုလှုပ်ရှားမှု ပေါ်ပေါက် လာအောင် ကြိုးစားဖို့ တက်ရောက်လာသူတွေက ဆွေးနွေးကြပါတယ်။

လူစည်ကားတဲ့နေရာတွေ အများပြည်သူအသုံးပြုနေတဲ့ ကားမှတ်တိုင်တွေ၊ ရထားတွေ၊ ဈေးတွေမှာ အဲဒီလှုပ်ရှားမှုမှာ ပါဝင်ကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး လှုံ့ဆော်ဖို့လည်း ဆောင်ရွက်သွားမယ်လို့ ပြောကြပါတယ်။

ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အနုပညာရှင်တွေ နဲ့ လူမှုရေးအသင်းအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေနဲ့တွေ့ဆုံစဉ်မှာ လူငယ်တွေ ငြိမ်းချမ်းရေးအ တွက် ပါဝင်ကြဖို့ပြောခဲ့တာရှိတဲ့အတွက် လူငယ်အဖွဲ့အစည်းတွေ ပိုမိုပါဝင်ဆွေးနွေးကြတာလို့ တက်ရောက်လာတဲ့ လူငယ်တွေက ပြောကြပါတယ်။