ပညာရေးဥပဒေ ပြည်လုံးကျွတ် သပိတ်မှောက်ဖို့ ဆုံးဖြတ်


2014.11.13
students-eduction-law-305.jpg ရန်ကုန်မြို့၊ နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ နိုဝင်ဘာ ၁၂ ရက်နေ့ကကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးမှာ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ကိုတွေ့ရစဉ်
Photo: Kyaw Htoon Naing, Kyaw Lwin Oo/RFA

အမျိုးသားပညာရေးဥပဒေကို တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ သပိတ်မှောက်ဖို့ နိုင်ငံလုံးဆိုင်ရာ ကျောင်း သားထု အရေးပေါ်အစည်းအဝေးတွင် မနေ့က ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း) နာရေးကူညီမှု အသင်း(ရန်ကုန်)ရဲ့ သုခခန်းမမှာ ကျင်းပနေ တဲ့  နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ် အစည်းအဝေးကနေ အခုလို ဆုံးဖြတ်လိုက် တာဖြစ်ကြောင်း ထားဝယ်နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမင်းနိုင်ဦး က ပြောပါတယ်။

"ကျွန်တော်တို့လိုချင်တာက ကျောင်းသားပြည်သူ ကို အခြေခံတဲ့ ဒီမိုကရေစီ၊ စစ်မှန်တဲ့ အမျိုးသား ဒီမိုကရေစီ ဥပဒေမူကြမ်းတစ်ခု ရလာဖို့ တောင်း ဆိုသွားမှာ ဖြစ်ပါတယ်၊ ကျွန်တော်တို့က နိုင် ငံတော်အစိုးရကို ဦးတည်ပြီး တောင်းဆိုသွားမှာဖြစ်ပါတယ်၊ ယခုချိန်မှာ ကျွန်တော်တို့ရဲ့ ရလာဒ်က မရှိသေးဘူး၊ ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေး ဥပဒေမူကြမ်း တစ်ခုရလာဖို့ကျွန်တော်တို့ ကြိုးစားသွားဖို့ ရှိပါတယ် "

ဆုံးဖြတ်ချက်အရ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သွားရေးအတွက်အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမူဦးဆောင်ကော်မတီကို ဗကသက အဖွဲ့ဝင် ၆ဦး၊ တကသ က ၆ ဦး၊ မြေလတ်ဒေသ က ကျောင်းသားခေါင်းဆောင် ၃ ဦးတို့နဲ့ ဖွဲ့စည်းလိုက်ပါတယ်။

ဒါ့အပြင် အချက် ၆ ချက်ပါတဲ့ ကြေငြာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေငြာချက်မှာ လက်ရှိ အစိုးရက ပြဋ္ဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေဟာ လွတ်လပ်စွာပညာသင်ကြားခွင့်ကို အကာအကွယ် မပေးနိုင်ဘဲ တင်းကျပ်စွာချုပ်ကိုင်ထားတဲ့ ဗဟိုဦးစီးစနစ်ဖြစ်ကြောင်းနဲ့ လက်ရှိဥပဒေဟာစစ်အစိုးရလက်ထက်က ဆိုးရွားခဲ့တဲ့ ပညာရေးအခြအနေကို ဖြေရှင်းမပေးနိုင်တဲ့အတွက် ဆန့်ကျင်သွားမှာဖြစ်ကြောင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။

နှစ်ရက်ကြာကျင်းပခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို တစ်နိုင်ငံလုံးမှာရှိတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ စုစုပေါင်း ၄၀၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။