မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးခံထားရတဲ့ မြင်းခြံဒီဂရီ ကောလိပ်က ကျောင်းသားနဲ့ ဝန်းရံသူ ၅ ယောက်ဟာ ဒီကနေ့ လွတ်မြောက်သွားပြီဖြစ်ပါတယ်။
သူတို့ကို ဒီကနေ့ မြင်းခြံမြို့နယ် တရားရုံးက တစ်ယောက်ကို ထောင်ဒဏ် ၉ လစီ အမိန့်ချမှတ်လိုက်တာဖြစ်ပြီး ချုပ်ရက်ခံစားခွင့်ပေးတဲ့အတွက် လွတ်မြောက်လာတာ ဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ ကျောင်းသား ကိုစည်သူမြတ်က ပြောပါတယ်။
"ကျနော်တို့ ၁ဝ လရှိတာပေါ့၊ ချုပ်ရက်နဲ့ ဖြတ်ပေးလိုက်တာ၊ ကျနော်တို့ကို ၁၄၃၊ ၁၄၅၊ ၅ဝ၅(ခ) ၃ မှုနဲ့ စွဲထားတာပါ၊ ချုပ်ရက်နဲ့လွှတ်ပေးတာတော့ ဟုတ်တယ်၊ ကျနော်တို့ ကျောင်းသားတွေ ကို ဘယ်လောက်ပဲချုပ်နှောင် ကျနော်တို့သွားမယ့်ဆုံမှတ်ကိုတော့ ရောက်အောင်သွားမှာပါ၊ အထဲမှာနေတုန်းကတော့ ကျနော်တို့ အစာငတ်ခံဆန္ဒပြတုန်းကလည်း ကျနော်တို့ကို ရိုက်နှက်တာတွေ ရှိတယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေအားလုံးကို ပြောရရင် မြင်းခြံထောင်က အကြမ်းတမ်းဆုံးနဲ့ အညှဉ်းပမ်းနှိပ်စက်ဆုံးထောင်ထဲမှာ ပါတယ်လို့ပဲပြောရမှာပေါ့"
မြင်းခြံကောလိပ်က ကိုစည်သူမြတ်၊ ကိုဉာဏ်မြင့်သန်း၊ ဝန်းရံသူတွေဖြစ်တဲ့ ဦးစိန်ဝင်း၊ ဦးကျော်သန်းထွန်းနဲ့ မဖြူ ခေါ် မခင်သန္တာထွန်းတို့ဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့ အစုအဖွဲ့မှာ ပါဝင်မှုပုဒ်မတွေနဲ့ အမိန့်ချမှတ်ခံရတာ ဖြစ်ပါတယ်။
မြင်းခြံအကျဉ်းထောင်မှာ ၃ ဦး ကျန်ရှိနေပြီး သူတို့ ၃ ဦးဟာ အမှုတွဲတွေ ကျန်နေသေးတဲ့အတွက် လွတ်မြောက်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ် မတ်လ ၂၇ ရက်နေ့က မြင်းခြံဒီဂရီကောလိပ်က ကျောင်းသားတွေနဲ့ ဝန်းရံသူတွေဟာ အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်ခဲ့တာဖြစ်ပါတယ်။
