ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ဝင် ကျောင်းသားကိုယ်စားလှယ်တွေက အမျိုးသား လွှတ်တော်မှာ ဒီလ ၁၆ ရက်နေ့မှာကျင်းပမယ့် အမျိုးသား ဥပဒေပြင်ဆင်ရေး ကြားနာပွဲကိုတက်ရောက်မယ်လို့ ပြော ပါတယ်။
ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင် က ပြောလိုက်တာပါ။
"လာမယ့် ၁၆ ရက်နေ့မှာ အမျိုးသားလွှတ်တော်မှာ ကြားနာပွဲကို လုပ်ပါမယ်တဲ့ ကျနော်တို့အတွက် ကျနော်တို့ကိုကမ်းလှမ်းလာပါတယ်၊ ကျနော်တို့ အတွက် အဲ့မှာတက်ရေး၊ မတက်ရေးကို ကျနော် တို့ကတိုင်ပင်ရပါတယ်၊ ကျနော်တို့ဆွေးနွေးညှိနှိုင်း ပြီး တိုင်ပင်ထားတဲ့ဟာလေး ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှုအနေနဲ့ လာမယ့် ၁၆ ရက်နေ့ အမျိုးသားလွှတ်တော်မှာ ကြားနာရမယ့် ကိစ္စမှာ ကျနော်တို့ သွားရောက်ကြားနာပါမယ်၊ဒါကျနော်တို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ပါ"
မနေ့က လက်ပံတန်းမြို့က ကျောင်းသားသပိတ်စခန်း ဖြိခွင်းခံရမှုမှာ ဦးဆောင် ကော်မတီဝင်တချို့ ဖမ်းဆီးခံထားရ တာကြောင့် ကျန်ခဲ့တဲ့အဖွဲ့ဝင်တချို့သာ တက်ရောက်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေကိုလွှတ်ပေးဖို့ ကြားနာပွဲ မှာတောင်းဆိုမယ် လို့ ကော်မတီဝင်တွေက ပြောပါတယ်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့အတွက် အမျိုးသားလွှတ်တော်မှာ ဒီလ ၅ ရက်နေ့ကစပြီး ကြားနာပွဲတွေ ကျင်းပနေ တာဖြစ်ပါတယ်။
လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ်စခန်း တားဆီးခံထားရတာကြောင့် အဲဒီသပိတ်စခန်းမှာရှိနေခဲ့တဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၁၅ ဦးဟာ အဲဒီကြားနာပွဲကို မတက်ရောက်နိုင်ကြောင်း အကြောင်းကြား ခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
