သာယာဝတီအကျဉ်းထောင်မှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေက ဒီနေ့သာယာဝတီမြို့နယ်ရုံးချိန်းမှာ ရှေ့နေ ကိုယ်စားလှယ်လွှဲစာတွေကို ရုပ်သိမ်းလိုက်ပြီး မြို့နယ်တရားရုံးကို သပိတ်မှောက်လိုက်ပါတယ်။
သူတို့ကို စွဲဆိုထားတဲ့ အမှုအားလုံးကို တရားမရင်ဆိုင်တော့ဘဲ တရားစီရင်ရေးစနစ်ကို သပိတ်မှောက် တာဖြစ်တယ်လို့ ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသူ မဖြိုးဖြိုးအောင် က ပြောပါတယ်။
"လက်ရှိတရားစီရင်ရေးကို ပူးပေါင်းပါဝင်ခြင်းမရှိတော့ဘူး၊ ဆက်လက်ပြီးတော့ ပူးပေါင်းပါဝင်မှာ မဟုတ်တော့ဘူး၊ တစ်စုံတစ်ရာ ပြန်လည်ချေပတာမျိုး၊ လျှောက်လဲခြင်းလည်းလုပ်တော့မှာမဟုတ်တော့ဘူး ဆိုပြီးကျမတို့တွေ တရားစီရင်ရေးကို သပိတ်မှောက်တဲ့အနေအထားတစ်ခုလုပ်ခဲ့တာပါ၊ ကျမတို့ သပိတ်မှောက်တဲ့ထဲမှာ ဝင်ရောက်ပါဝင်မယ့် ဝန်းရံတဲ့ကျောင်းသားတွေကို ကျမတို့လက်မှတ်တွေအား လုံးကောက်ပါတယ်၊ အားလုံးကိုလည်း ကျမတို့ တင်ပေးမှာဖြစ်ပါတယ်"
ကျောင်းသူ ကျောင်းသားတွေက တရားမျှတမှု ရနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်တာကြောင့် ရှေ့နေ ကိုယ်စားလှယ်လွှဲစာတွေကို ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ အမှုလိုက်ပေးတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။
" ရုတ်သိမ်းရတဲ့အကြောင်းပြချက်ထဲမှာ တရားမျှတမှုကိုလည်း ရနိုင်မှာမဟုတ်ဘူးလို့ သူတို့စိတ်မှာ ခံစားရပါတယ်၊ အဲ့ဒီအတွက် သူတို့က ရှေ့နေကိုယ်စားလှယ်လွှဲစာကိုလည်း ရုတ်သိမ်းတယ်၊ ရဲကိုအရေးယူဖို့ဆို တရားဥပဒေကဘယ်တော့မှ မလုပ်ပေးဘူး၊ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ၊ တရားစွဲဆိုခွင့်ပြုမိန့်လိုလို့ဆိုပြီးတော့ ပြောတယ်၊ သူတို့အနေနဲ့က သူတို့ပဲအမှုစစ်ဆေးခံနေရတယ်၊ သူတို့အတွက်ကတော့ ဘာမှပြန်ကုစားမှုမပေးတဲ့အတွက် အခုလိုဆုံးဖြတ်ချက်ချလိုက်တာပါ"
ဒီကနေ့ရုံးချိန်းမှာ တရားလိုပြသက်သေဖြစ်တဲ့ လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဟောင်း ဦးသီဟ ကို စစ်ဆေးဖို့ စီစဉ်ထားပေမယ့် ကျောင်းသား ကျောင်းသူတွေက တရားရုံးကို သပိတ်မှောက်တာကြောင့် မစစ်ဆေးဖြစ်ဘဲ လာမယ့် မတ်လ ၂၂ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပါတယ်။
လက်ရှိ သာယာဝတီတရားရုံးမှာ အမှုရင်ဆိုင်နေရသူ ၆၉ ဦးရှိပြီး တရားရုံးကို မတက်ရောက်နိုင်တဲ့ ၁၆ ဦးအတွက် ရှေ့နေတွေကိုယ်တိုင်က ကိုယ်စားလှယ်လွှဲစာတွေရုပ်သိမ်းဖို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။
သာယာဝတီတရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား၊ ကျောင်းသူနဲ့ ဝန်းရံသူတွေရဲ့ အမှုကို ဦးရောဘတ်စန်းအောင်၊ ဦးလှမျိုးမြင့်၊ ဦးဌေး၊ ဒေါ်ခင်ခင်ကျော်နဲ့ ဦးကြီးမြင့် စတဲ့ တရားလွှတ်တော်ရှေ့နေတွေက လိုက်ပါဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက ဆေးကုသခွင့် အာမခံလျှောက်ထားတဲ့ ကျောင်းသား ၁ ဦးနဲ့ ဝန်းရံသူ ၁ ဦး တို့ကို ဒီကနေ့ အာမခံပေးလိုက်တာကြောင့် အာမခံနဲ့ လွတ်မြောက်သူ ၂၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင်နဲ့ ကိုမင်းသွေးသစ်တို့က အင်းစိန်အကျဉ်းထောင်ထံ ပြောင်းရွှေ့ပေးဖို့ တင်ပြ ထားတာကိုတော့ တရားရုံးက ဆုံးဖြတ်ပေးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
