ဆေးတက္ကသိုလ်ဝင်ခွင့်မှာ အမျိုးသမီးတွေကို အမှတ်ပိုထားတာ မဖြစ်သင့်
2017.07.07

ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် အမှတ်သတ်မှတ်ရာမှာ အမျိုးသမီးတွေအတွက် သတ်မှတ်ထားတဲ့အမှတ်ဟာ အမျိုးသားတွေအတွက် သတ်မှတ်ထားတဲ့အမှတ်ထက် များနေတာဟာ အမျိုးသမီးတွေကို နှိမ်ထားတဲ့ ပညာရေး စနစ်ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးမြန်း ပါတယ်။
မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
"အစိုးရသစ်ပြောင်းပြီးတော့ ပထမဆုံးအကြိမ်ခေါ်တဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်မှာလည်း အဲဒီအမှတ်ခွဲခြားတဲ့ စနစ်ပဲ ကျင့်သုံးနေပါတယ်၊ အဲဒါကြောင့်မို့လို့ ကျနော်တို့နိုင်မှာရှိတဲ့ ကြိုးစားရင် ကြိုးစားသလောက်ရတဲ့ စနစ် မဟုတ်ဘဲနဲ့ ကြားကနေပြီးတော့ အချောင်ကပ်သွားတဲ့ စနစ်မျိုးတွေကိုလည်း ဒါ ကျနော်တို့ တိုက်ဖျက် ရမယ့် အချိန်ရောက်ပါပြီ"
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆေးတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်ကို လတ်တလော ပြင်ဆင်ဖို့ မရှိကြောင်းနဲ့ နိုင်ငံတော်ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ကျား၊ မ အချိုး ကန့်သတ်ထား တာကိုသာ ပြန်လည်စဉ်းစားသွားမှာဖြစ်ကြောင်း ပြန်လည်ဖြေဆိုသွားပါတယ်။
ဆေးတက္ကသိုလ်ရဲ့ မိန်းကလေးတွေအတွက် ဝင်ခွင့်အမှတ်သတ်မှတ်ချက်ဟာ ယောင်္ကျားလေးတွေထက် အမှတ် နှစ်ဆယ်၊ သုံးဆယ်လောက် ပိုနေကြောင်းနဲ့ အခြားတက္ကသိုလ်နဲ့ ကျောင်းတွေရဲ့ ဝင်ခွင့်သတ်မှတ် ချက်တွေမှာလည်း မိန်းကလေးတွေအတွက် ဝင်ခွင့်သတ်မှတ်ထားတဲ့အမှတ်ဟာ ပိုများနေကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်တုန်းက အမျိုးသမီးတွေရဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်ဟာ ၅၀၂ မှတ်ဖြစ်ပြီး အမျိုးသားတွေရဲ့ ဝင်ခွင့်အမှတ်ကတော့ ၄၈၀ ဝန်းကျင်ပဲ ရှိခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ဆေးတက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ် အထိ ယောင်္ကျားလေး ငါးဆယ်ရာခိုင်နှုန်း၊ မိန်းကလေး ငါးဆယ်ရာခိုင်နှုန်း အချိုးတူညီစွာနဲ့ ဝင်ခွင့်ပြုခဲ့ တာဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ဌာနတွေမှာ တာဝန်ထမ်းဆောင်နေ ကြတဲ့ နိုင်ငံ့ဝန်ထမ်း အမျိုးသား ဆရာဝန်အရေအတွက်ဟာ နှစ်ဆယ်ရာခိုင်နှုန်းလောက်သာရှိပြီး အမျိုးသမီးဆရာဝန်ဦးရေက ရှစ်ဆယ်ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။