လက်ပံတန်းမြို့ကျောင်းသားသပိတ်စစ်ကြောင်းကို ဖြိုခွဲစဉ်က ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်း သူတွေနဲ့ အားပေးကူညီသူတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ မြင်းခြံ စတဲ့မြို့နယ် ၁၁ မြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တွေနဲ့ တက်ကြွလှုပ်ရှား သူတွေက ဆန္ဒပြတောင်းဆိုကြပါတယ်။
ရန်ကုန်မြို့သိမ်ကြီးဈေးရှေ့က ဆန္ဒပြပွဲမှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကိုနန္ဒာစစ်အောင်က အစိုးရအနေနဲ့ လေးပွင့် ဆိုင်သဘောတူညီချက်တွေကို လေးစားလိုက်နာပြီး ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးလွှတ်ပေး ဖို့ တောင်းဆိုခဲ့ပါတယ်။
"လေးပွင့်ဆိုင်ကတိကိုတည်ဖို့ လိုအပ်ပါတယ် ၊ လေးပွင့်ဆိုင်မှာ ကျောင်းသားတွေကို ဝန်းရံပြည်သူတွေကို ဖမ်းဆီးခြင်းမပြုရဘူးလို့ပြောတယ်၊ အခုကျနော်တို့ အနိုင်ကျင့်ခံနေရတယ်၊ ကျနော်တို့ ကျောင်းသားတွေ ထောင်ထဲရောက်နေတယ်၊ အကြမ်းဖက်နှိမ်နင်းဖြိုခွင်းမှုဟာ ကောင်းမွန် တဲ့အမြင်ရရှိမှာမဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ မြို့တိုင်းမြို့တိုင်းမှာ ပင်မသပိတ်စစ်ကြောင်းကြီး ဟာ ရောက်ရှိလာပြီဖြစ်တယ်၊ ဒါကြောင့်မို့လို့ ငြိမ်းချမ်းစွာအမြန်ဆုံး ညှိနှိုင်းဖြေရှင်းပေးဖို့ ကျနော် တို့ တောင်းဆိုပါတယ်၊ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြည်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေး ဖို့ တောင်းဆိုပါတယ်၊ လေးပွင့်ဆိုင်ကတိကိုတည်ဖို့ တောင်းဆိုပါတယ်"
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကိုနဲ့ ကိုနန္ဒစစ်အောင်တို့ဟာ ပုဒ်မ ၅ ခုနဲ့ တရားစွဲခံထားရပြီး တရားခံပြေးအဖြစ် လက်ပံတန်းမြို့နယ်တရားရုံးက ကြေညာထားသူတွေဖြစ်ပါတယ်။
အဲ့ဒီဆန္ဒပြပွဲအပြီးမှာ ကိုနန္ဒာစစ်အောင်ကို မင်္ဂလာတောင်ညွန့်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ခွင့်ပြုချက်မယူပဲ ဆန္ဒပြတာကြောင့် ကိုနန္ဒာစစ်အောင်အပါအဝင် ၂ ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က ပြောပါတယ်။
"မင်္ဂလာတောင်ညွန့်ဘက်ကနေဖမ်းတာလို့၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်မလျှောက်ဘဲနဲ့ ဆန္ဒဖော်ထုတ်လို့နော်၊ ဒီရန်ကုန်မြို့နယ်တိုင်းလိုလိုမှာ အမှုဖွင့်ထားတာရှိပါတယ်၊ သူဟာ နှစ်ဦးဗျ၊ သူတို့ဟာ ကျနော်တို့ ဒါတွေစစ်နေတုန်းပဲရှိသေးတယ်လေ ဘာမှပြောလို့မရသေးဘူးဗျ"
အလားတူဆန္ဒပြပွဲတွေကို မန္တလေး၊ မြင်းခြံ၊ မုံရွာ၊ တောင်ငူ၊ ထားဝယ်၊ တောင်တွင်းကြီး၊ ဟင်္သာတစတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ မနက် ၁ဝ နာရီ ၁ဝ မိနစ်ကျော်မှာ တစ်ပြိုင်တည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မြင်းခြံမြို့ဆန္ဒပြပွဲမှာတော့ ကျောင်းသား ၂ ဦးနဲ့ ဝန်းရံသူ ၂ ဦး စုစုပေါင်း ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက်နေ့က အကြမ်းဖက်ဖြိုခွင်းခဲ့ ပြီး ကျောင်းသူ ကျောင်းသားတွေနဲ့ အားပေးကူညီသူတွေကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထား တာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း ဗကသများအဖွဲ့ချုပ်က ဒီမိုကရေစီပညာရေး ပြုပြင်ပြောင်းလဲမှု ဦးဆောင်ကော်တီအဖွဲ့ဝင် ၆ ဦးရှိတဲ့ အနက် ၅ ဦး အဖမ်းခံထားရပြီး တစ်ဦးတည်းလွတ်မြောက်နေတဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်နေပိုင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။