မတ်လ ၂၇ ရက်နေ့မှာ ကျရောက်မယ့် ဖက်ဆစ်တော်လှန်ရေးအနှစ် ၇ဝ ပြည့်နေ့မှာ ရန်ကုန်၊ မန္တလေးအပါ အဝင် နယ်မြို့တော်တော်များများမှာ ဒီမိုကရေစီပညာရေးအတွက် ဆန္ဒပြပွဲတွေ ပြုလုပ်မယ်လို့သိရပါတယ်။
ကျောင်းသားနဲ့ ပြည်သူကိုအခြေခံတဲ့ ပညာရေးဥပဒေပေါ်လာရေး၊ ဖမ်းဆီးထားတဲ့ကျောင်းသားနဲ့ ပြည်သူတွေပြန် လွှတ်ရေး၊ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးတာတွေဆန့်ကျင်ရေးနဲ့ အကြမ်းဖက်သူတွေကို အရေးယူပေးရေး အတွက် ဖြစ်တယ်လို့ ကျောင်းသားနဲ့လူငယ်တွေက ကြေညာထားပါတယ်။
ရန်ကုန်မြို့မှာတော့ မနက် ၁ဝ နာရီ ၁ဝ မိနစ်မှာ သိမ်ကြီးဈေးရှေ့ကနေ စတင်မယ်လို့ ဗကသများ အဖွဲ့ချုပ်နဲ့ လူငယ်အဖွဲ့တွေက ကြေညာထားပါတယ်။
မန္တလေးမြို့မှာလည်း မနက် ၁ဝ နာရီမှာ ချီတက်ပွဲစတင်မယ့်အကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုနိုင်ရဲဝေက RFA ကိုပြောပါတယ်။
"၂၇ ရက်နေ့ကို ကျနော်တို့က အဲ့ဒီအိမ်တော်ရာကနေပြီးတော့ ကျနော်တို့စတင်ပြီးတော့ ထွက်ခွာမှာဗျ၊ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားပေါ့နော်၊ ရတနာပုံတက္ကသိုလ်လမ်းခွဲပေါ့နော်၊ အဲ့ဒီနာလေး က ဗေဒါခန်းမကို ကျနော်တို့ သွားကြမှာပါခင်ဗျ၊ အဲ့ဒီမှာကျနော်တို့ ဗကသလည်းပါမယ်၊ အခြားသော အဖွဲ့အစည်းတွေ CSO တွေအားလုံးပါဝင်တဲ့ ချီတက်ပွဲပုံစံမျိုးပေါ့"
တောင်ငူမြို့မှာလည်း အလားတူဆန္ဒပြပွဲ ပြုလုပ်မယ်လို့ ဗကသများအဖွဲ့ချုပ် တောင်ငူခရိုင်အဖွဲ့ဝင် ကိုဗစ်တာ ကပြောပါတယ်။
"ကျနော်တို့ ၂၇ ရက်နေ့ကို ၁ဝ နာရီ ၁ဝ မိနစ်ပေါ့နော် ကျနော်တို့ တိုက်ပွဲခေါ်ထားတဲ့အချိန်မှာ ကျနော် တို့ မြို့ထဲမှာ ဆန္ဒပြဖို့ရှိတယ်ဗျ၊ ကျနော်တို့ရဲ့ရည်ရွယ်ချက်ကတော့ အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်တဲ့ဟာကို ကျနော်တို့ဆန့်ကျင် တယ်ပေါ့နော်၊ ပြီးလို့ရှိရင် ကျောင်းသားပြည်သူတွေကို မတရားအကြမ်းဖက်ဖြိုခွင်းပြီးတော့ ဖမ်းဆီး ထားတဲ့အတွက် သူတို့ကိုပြန်လည်လွတ်မြောက်ရေး၊ ပြီးလို့ရှိရင် ကျနော်တို့တောင်းဆိုထားတဲ့ အမျိုးသား ပညာရေးဥပဒေကို တောင်းဆိုထားတဲ့အချက်တွေနဲ့ အမြန်ဆုံးအကောင်အထည်ဖော်ရေးဖြစ်ပါတယ်"
ဒါ့အပြင် ဗကသများအဖွဲ့ချုပ် ဟင်္သာတခရိုင် ပြန်ကြားရေးတာဝန်ခံ ကိုကေလင်းကလည်း သူတို့မြို့မှာ ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ RFA ကိုပြောပါတယ်။
"ကျနော်တို့ လူထုချီတက်တဲ့ပုံစံမျိုးပဲ ၁ဝ နာရီ ၁ဝ မိနစ် မြို့ထဲကိုချီတက်မယ်၊ ပြီးရင် ၁ နာရီလောက် လမ်းလျှောက်မယ်၊ ဖက်ဆစ်ဆန်တဲ့အကြမ်းဖက်လုပ်ရပ်တွေ ဆန့်ကျင်တဲ့အနေနဲ့ ဒီဖက်ဆစ်တော် လှန်ရေးနေ့မှာ လုပ်ဖြစ်တာ"
အလားတူ မတ်လ ၂၇ ရက်နေ့ ဆန္ဒပြပွဲတွေကို ပြည်၊ အောင်လံ၊ ပေါင်းတည်စတဲ့ ပဲခူးတိုင်း အနောက်ခြမ်းက မြို့တွေအပြင် မြောင်းမြ၊ ပုသိမ် စတဲ့ဧရာဝတီတိုင်းကမြို့တွေနဲ့ အခြားတိုင်းနဲ့ ပြည်နယ်က မြို့တချို့မှာလည်း ပြုလုပ် ကြမယ်လို့သိရပါတယ်။