ချေးငွေပြန်မဆပ်တဲ့ တောင်သူ ၁၄၀၀ ကျော်ကို တရားစွဲဖို့ စီစဉ်

2018-07-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လယ်ထွန်နေတဲ့ တောင်သူတွေကို တွေ့ရစဉ်
လယ်ထွန်နေတဲ့ တောင်သူတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ လေးနှစ်အတွင်း အစိုးရရဲ့ စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်တဲ့ တောင်သူ ၁၄၀၀ ကျော် ကို မြန်မာ့လယ်ယာဖံ့ွဖြိုးရေးဘဏ်က တရားစွဲဆိုဖို့ စီစဉ်နေပါတယ်။

အခုနှစ် မိုးရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေတွေ ထုတ်ပေးပြီးနောက် တရားစွဲဆိုမှုကို ဆောင်ရွက်မှာဖြစ်တယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ရခိုင်ပြည်နယ်မန်နေဂျာ ဦးအေးသိန်း က ဒီနေ့ပြောပါတယ်။

"ကျနော်တို့ဘဏ်တွေကလည်း ဒီလူတွေအပေါ်မှာ စည်းရုံးတဲ့နည်းလမ်းတွေနဲ့ မျိုးစုံနည်းမျိုးစုံ နဲ့ ကောက်ပြီးပြီ။ ကောက်လို့မရတဲ့အတွက် ဒီလူတွေကတော့ ဥပဒေလမ်းကြောင်းတစ်ခုခုအရ အရေးယူနိုင်မှသာလျှင် ဒီလူတွေက ကြွေးဆပ်နိုင်မယ့် အနေအထားရှိတယ်။ စိုက်ပျိုးရေးဘဏ်ရဲ့ ရေရှည်ရပ်နိုင်မှုကိုလည်း အများကြီး ထိခိုက်နိုင် တယ်။ ဒါ့အတွက်ကြောင့် ကျနော်တို့က ဒီလိုအကြွေးမဆပ်တဲ့သူတွေကို မြို့နယ်ချေးငွေအကြံပေးအဖွဲ့ကို တင်ပြပြီးတော့ ၂၀၁၈ မိုးပေါ့ အခုချေးနေတဲ့ မိုးချေးပြီးတဲ့အခါ သက်ဆိုင်ရာမြို့နယ်အလိုက်ပေါ့။ အကြံပေး အဖွဲ့ကို တင်ပြပြီးတော့ သူတို့ရဲ့လမ်းညွှန်ချက်နဲ့အညီ တရားစွဲဆိုသွားဖို့ ကျနော်တို့ စီစဉ်ဆောင်ရွက်ထား ပါတယ်"

ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ တောင်ကုတ် စတဲ့မြို့နယ် ၁၂ ခုမှာ ၂၀၁၃ ခုနှစ် ကနေ ၂၀၁၆ ခုနှစ်အထိ တောင်သူ ၁၄၃၃ ဦး ပြန်မဆပ်တဲ့အကြွေးငွေတွေဟာ ငွေကျပ် သန်း ၄၉၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ဘဏ္ဍာငွေတွေ မဆုံးရှုံးစေဖို့အပြင် အရေးယူတာမရှိရင် လက်ရှိချေးငွေယူထားတဲ့တောင်သူတွေ အနေနဲ့လည်း ချေးငွေပြန်ဆပ်ဖို့ ပေါ့လျော့မှုတွေဖြစ်လာနိုင်တယ်လို့ ဦးအေးသိန်း က ပြောပါတယ်။

တောင်သူတွေအတွက် အစိုးရ စိုက်ပျိုးစရိတ်ချေးငွေတွေကို အရင်နှစ်တွေက မေလကနေ စက်တင်ဘာလအထိ ထုတ်ချေးခဲ့ပေမယ့် အခုနှစ်မှာတော့ ဇူလိုင်လနောက်ဆုံးထားပြီး ထုတ်ချေးဖို့ ပြည်ထောင်စုအစိုးရက ညွှန်ကြားထား တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ စီမံကိန်းစိုက်ပျိုးမြေဧကပေါင်း ၁ သန်းကျော်ရှိတဲ့အထဲက ဒီနှစ်အတွင်း ဧက ခြောက်သိန်းလေးထောင်ကျော်အတွက် ငွေကျပ်ဘီလီယံ ၉၀ ကျော် ထုတ်ချေးဖို့ လျာထားတယ်လို့လည်း သိရပါတယ်။

ဆိုက်တခုလုံးသို့