ကျောက်နီမော်ရွာ ဗုံးကြဲခံရမှုအပေါ် ဝမ်းနည်းကြောင်းရေးသားသူ ဖမ်းဆီးခံထားရ

RFA Burmese
2025.02.13
ကျောက်နီမော်ရွာ ဗုံးကြဲခံရမှုအပေါ် ဝမ်းနည်းကြောင်းရေးသားသူ ဖမ်းဆီးခံထားရ ရမ်းဗြဲမြို့နယ် ကျောက်နီမော်တိုက်နယ်အတွင်းရှိ ထောင့်ချိန်ရွာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများအား တွေ့ရစဉ်။
Arakan Princess Media Photo

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာ ဗုံးကြဲခံရပြီး လူအစုလိုက်အပြုံလိုက် သေဆုံးမှုအပေါ် လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်း ရေးသားဖော်ပြသူ အသက် ၂၂ နှစ်အရွယ် မစုသက်သက်အောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရန်ကုန်မြို့ အင်းစိန်ထောင်ကို ပို့ဆောင်ထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပြောပါတယ်။

သူဟာ ဗုံးကြဲခံရတဲ့ ကျောက်နီမော်ရွာ ဇာတိဖြစ်ပြီး တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ဖို့အတွက် ရန်ကုန်မြို့မှာ လာရောက်နေထိုင်နေတာလို့ ဆိုပါတယ်။

ကျောက်နီမော်ရွာကို ဇန်နဝါရီလ ၈ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်ခံရလို့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် လူ ၄၀ ကျော် သေဆုံးပြီး နောက်ထပ် လူ ၂၀ ကျော် ဒဏ်ရာရခဲ့သလို နေအိမ် ငါးရာခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မစုသက်သက်အောင်ဟာ သူ့ဇာတိရွာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့အပေါ် လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်း ရေးသားတာ၊ သတင်းဌာနတွေရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှု သတင်းတွေကို မျှဝေတာတွေ ပြုလုပ်ပြီးနောက်ပိုင်း ဇန်နဝါရီလအတွင်းမှာပဲ ဖမ်းဆီးခံလိုက်ရတာလို့ မိသားစုနဲ့ နီးစပ်သူတွေတစ်ဦးက RFA ကို ပြောပါတယ်။

“သူက အဲဒါတွေတင်ပြီးနောက် ဘာမှမတင်တော့ဘဲ အွန်လိုင်းကနေ ပျောက်သွားလို့ မိသားစုကို စုံစမ်းတော့မှ အဖမ်းခံရမှန်းသိတာ၊ အခုဆို ရက် ၂၀ လောက်ရှိပြီ။ အင်းစိန်မှာ ရောက်နေပြီလို့ပဲ သိရတယ်”

မစုသက်သက်အောင်ရဲ့ မိဘတွေက ကျောက်နီမော်ရွာမှာ ကျန်ခဲ့တာကြောင့် ဖမ်းဆီးခံရတဲ့ အမှုအတွက် ကူညီဆောင်ရွက်ရမဲ့ ကိစ္စတွေမှာ အခက်အခဲကြုံနေရတယ်လို့ သူက ပြောပါတယ်။ သူ့ကို စစ်ကောင်စီက ဘယ်လိုပုဒ်မတွေနဲ့ အရေးယူထားတယ်ဆိုတာ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

အခုလို ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။

အာဏာသိမ်းကာလအတွင်း လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ် (Facebook)၊ တစ်ခ်တော့ (TikTok)၊ တယ်လီဂရမ် (Telegram) နဲ့ ဗိုက်ဘာ (Viber) တွေမှာ ဝေဖန်ရေးသားမှုကြောင့် လူ ၁၉၀၀ နီးပါး (၁၈၄၀ ဦး) ဖမ်းဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အွန်လိုင်းပေါ်က ပြောဆိုရေးသားမှုတွေကို စစ်ကောင်စီက စောင့်ကြည့်ဖမ်းဆီးတာ၊ စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးတာနဲ့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေကလည်း အွန်လိုင်းပေါ်က ရေးသားမှုတွေကို စောင့်ကြည့်ပြီး ဖမ်းဆီးနိုင်အောင် အချက်အလက် ရှာပေးတာနဲ့ ဖမ်းဆီးဖို့ ဖိအားပေးတိုက်တွန်းတာတွေရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။