စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ပျံကျရွာ ခေါ် အေးသာယာရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က နေအိမ် ၂၅ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ တပ်သားတွေဟာ ဇူလိုင် ၇ ရက်နေ့ ညနေမှာ သူတို့ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး၊ နောက်တစ်နေ့မှာ မီးရှို့သွားတာလို့ နေအိမ်ဆုံးရှုံးသွားတဲ့သူတွေထဲက အမည်မဖော်လို တဲ့ ရွာသားတစ်ယောက်က RFA ကို ပြောပါတယ်။
ရွာကို ဝင်ရောက်စီးနင်းချိန်က ရွာသားတချို့ကို ဖမ်းဆီးထားပြီး PDF တွေရဲ့အိမ်တွေကို မေးမြန်းစစ်ဆေးသလို၊ အိမ်တစ်အိမ်မှာ PDF အဖွဲ့ဝင်တွေဆောင်းတဲ့ ဦးထုပ်တစ်လုံးတွေ့လို့ အဲဒီအိမ်ရော၊ အဲဒီတစ်ဝိုက်က အိမ်တွေပါ မီးရှို့တာလို့ ပြောပါတယ်။ အဲဒီအပြင် အိမ်မှာ မွေးထားတဲ့ကြက်တွေ သတ်ဖြတ် စားသောက်သွားသလို အဖိုးတန် ရွှေငွေတချို့လည်း ယူသွားတယ်လို့ ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေကို ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့က သိမ္ဘာရွာမှာ ရဟတ်ယာဉ်သုံးစင်းနဲ့ လာချသွားပြီးတဲ့နောက်၊ ကျွန်းတောကြီး ကျွန်းတောလေးရွာမှာစခန်းချနေလို့ အနီးတဝိုက်က ရွာပေါင်း ဆယ်ရွာလောက်က အရပ်သားတွေ ထောင်နဲ့ချီပြီး ညတွင်းချင်းထွက်ပြေးခဲ့ရတဲ့အကြောင်း RFA က တင်ပြခဲ့ပါတယ်။ အဲဒီ ကျွန်းတောလေးရွာမှာ စခန်းချရပ်နားခဲ့တဲ့တပ်က ၈ ရက်နေ့မှာ အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ ပျံကျ ရွာကိုဝင်ပြီး ၂၅ အိမ်မီးရှို့သွားတာလို့ ပြောပါတယ်။
နောက်တရက် ဇူလိုင်လ ၉ ရက်နေ့မှာ အဲဒီစစ်ကောင်စီတပ်သားတွေက ပျံကျရွာရဲ့တောင်ဘက်၊ ကျခတ်ရွာကို ဝင်သွားပြီး တစ်ညအိပ်သွားသလို အဲဒီကနေတစ်ခါ နဘဲလှရွာကို ဝင်သွားတယ်လို့ ပြောပါတယ်။
အဲဒီအနီးတစ်ဝိုက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပုဂံ၊ နဘဲလှ၊ ခွန်ဒေါင်း၊ အုန်းတပင်၊ တနယ်၊ လက်တီး၊ ယင်းဒွေ၊ ပေါက်တော ၊ ညောင်လှ၊ အင်းပတ် စတဲ့ရွာပေါင်း ၁ဝ ရွာလောက်က ဒေသခံ နှစ်ထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့အဖွဲ့က မနေ့က ပြောပါ တယ်။
လက်နက်ကြီးနဲ့ ပစ်တာကြောင့် စစ်ဘေးဒုက္ခသည်တွေကို ကျွေးမွေးဖို့အတွက် ထမင်းဟင်း ချက်ဖို့ ပြင်ထားတာကိုပါ ပစ်ထားခဲ့ရတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
ဒီပဲယင်းမြို့နယ်ထဲမှာ လက်ရှိတိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်ကောင်စီတပ်သား အင်အား ၁ဝဝ လောက်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဝင်ရောက်နေသလို၊ စစ်ကြောင်းထိုးနေတာ ဘယ်တပ်ကလည်း ဆိုတာ တိတိကျကျမသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။
“မနေ့ကတည်းက လက်နက်ကြီးနဲ့ ထုနေတာ၊ စစ်ဘေးရှောင်တွေကို ချက်ကျွေးဖို့ ပြင် ထားတာတွေလည်း ပစ်ပြီးထွက်ပြေးခဲ့ရတယ်။ အခုတော့ အဲဒါတွေကို စစ်သားတွေ စားနေကြတယ်။ စစ်ရှောင်တွေကတော့ ဒုက္ခရောက်နေကြတာပေါ့။ အခုလည်း ရွာသား တွေက တောတွေထဲတို့ စစ်သားတွေနဲ့ဝေးတဲ့ ရွာတွေက ဘုန်းကြီးကျောင်းတို့မှာ တည်း နေကြရတယ်”
ဒီပဲယင်းနယ်က အခုဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း လတ်တလောမှာ ဆက်သွယ်လို့ မရသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်သားတွေအနေနဲ့ ပြည်သူတွေရဲ့အိမ်တွေကို မီးရှို့တာ မရှိဘူးလို့ အရင်က ပြောဆိုထားဖူးပါတယ်။