တာချီလိတ်က သတ္တုတူးဖော်ရေးလုပ်ငန်းတွေရပ်ဖို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ တောင်းဆို

2022.08.25
တာချီလိတ်က သတ္တုတူးဖော်ရေးလုပ်ငန်းတွေရပ်ဖို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ တောင်းဆို ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် ရွှေနှင့်သတ္တုလုပ်ငန်းကြောင့် နှုန်းမြေလွှမ်းနေတဲ့ အခြေအနေကို ရှမ်းလူ့အခွင့်ရေးအဖွဲ့က ထုတ်ပြန်ထားစဉ်
ဓါတ်ပုံ - ရှမ်းလူ့အခွင့်ရေးအဖွဲ့
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၄၀ အကွာ မိုင်းလင်း ကျေးရွာအုပ်စု နားဟိုင်းလုံကျေးရွာအနီးက နမ့်ခမ်းချောင်းအထက်ပိုင်းမှာ လုပ်ကိုင်နေတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ရပ်တန့်ဖို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့နဲ့ ရှမ်းကျောင်းသားများ သမဂ္ဂက ဩဂုတ် ၂၄ ရက် မနေ့ကထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
 
နမ့်ခမ်းချောင်းအထက်ပိုင်း လွမ်ခမ်တောင်မှာ ၁၀ ကီလိုမီတာ အထိရှည်လျားတဲ့ ရွှေတွင်းနဲ့ သတ္တုမိုင်းတွင်း လုပ်ငန်းတွေကနေ ထွက်တဲ့ရေဆိုးတွေနဲ့ နုန်းမြေတွေဟာ မိုးကြီးချိန်မှာ အနိမ့်ပိုင်းမှာရှိတဲ့ နားဟိုင်းလုံကျေးရွာ အပါအဝင် အနီးအနားကျေးရွာတွေအထိ တိုက်ရိုက် စီးဝင်လာတာကြောင့် နေအိမ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
 
နားဟိုင်းလုံရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက နုန်းမြေတွေစီးဝင်လို့ နေအိမ် ၁၇ လုံး နစ်မြုပ်ခဲ့ပြီး နေအိမ် ကိုးလုံးကတော့ လုံးဝပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထိခိုက်မှု အတွက် တစ်စုံတစ်ရာလျော်ကြေး ရရှိတာမရှိဘူးလို့လည်း ဆိုပါတယ်။ ကုမ္ပဏီတွေက ၂၀၁၉ မှာ နားဟိုင်းလုံကျေးရွာက နေအိမ် ၅၂ လုံးအတွက် ထိုက်သင့်တဲ့ လျော်ကြေးကိုပေးထားပြီး ရွှေ့ပြောင်းခိုင်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
 
သတ္တုတူးဖော်ရေးလုပ်ငန်းတွေစတင်ချိန်မှာ ကန့်ကွက်တဲ့ဒေသခံတွေဟာ အကြမ်းဖက်ခံခဲ့ကြရပြီး ကန့် ကွက်မှုမှာပါတဲ့ ခေါင်းဆောင်တစ်ဦးလည်း ၂၀၁၅ မှာ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ် လို့ ဆိုပါတယ်။
 
မိုင်းလင်းကျေးရွာအုပ်စုအတွင်းမှာ ၂၀၁၇ ခုနှစ်ကတည်းက စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကုမ္ပဏီ ၁၁ ခု လောက်က လုပ်ကိုင်ခွင့်ရထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
သတ္တုလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေထဲမှာ သြစတြေးလျ နိုင်ငံသားတွေဦးဆောင်တဲ့ Locrian Precious Metals ကုမ္ပဏီလည်းပါဝင်ပြီး ၂၀၂၀ ကနေစလို့ တာချီလိတ်မြို့ အရှေ့ ဘက် ၄၅၆ ကီလိုမီတာစကွဲ အကျယ်အဝန်းမှာ ငါးနှစ်သက်တမ်း လုပ်ကိုင်ခွင့်ရရှိထားတာဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
 
လက်ရှိမှာ သတ္တုတွင်းတွေကနေ ထွက်တဲ့ ဓာတုဗေဒပစ္စည်းတွေဟာ ရေကြီးချိန်မှာ အနီးနား ကျေးရွာတွေက နေအိမ်နဲ့ စိုက်ပျိုးမြေထဲကို စီးဝင်တာကြောင့် ဒေသခံတွေရဲ့ စိုက်ပျိုးမြေ ဧက ရာနဲ့ချီ ထိခိုက်နေရသလို အကျိုး အမြတ်တွေကို စစ်ကောင်စီကလည်း ပူးတွဲခံစားနေတာကြောင့် ရွှေနဲ့ သတ္တုလုပ်ငန်းတွေအားလုံး ရပ်နားထွက်ခွာပေးဖို့ တောင်းဆိုတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်နဲ့ ရှမ်းကျောင်းသားများသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။