စစ်ကောင်စီကို အမြန်ဆုံးအရေးယူဖို့ လူ့အခွင့်အရေးအဖွဲ့ ၄၆ ဖွဲ့ တောင်းဆို

RFA Burmese
2025.01.31
စစ်ကောင်စီကို အမြန်ဆုံးအရေးယူဖို့ လူ့အခွင့်အရေးအဖွဲ့ ၄၆ ဖွဲ့ တောင်းဆို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ရိုဟင်ဂျာအရေး ကြားနာနေချိန် တရားရုံးအပြင်ဘက်က ဆန္ဒပြနေကြသူများအားတွေ့ရစဥ်။
Reuters

မြန်မာစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်တန့်အောင် အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့အပါအဝင် လူ့အခွင့်အရေးအဖွဲ့ ၄၆ ဖွဲ့က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ဇန်နဝါရီ ၃၁ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ဆီ လက်နက်တင်ပို့တာတွေ ပိတ်ဆို့ဖို့၊ လေယာဉ်လောင်စာဆီ တင်ပို့တာကို ဆိုင်းငံ့ဖို့၊ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိသူတွေကို တရားစီရင်တာ ဒါမှမဟုတ် လွှဲပြောင်းပေးတာ စတဲ့ နိုင်ငံတကာ တရားစီရင်ရေးယန္တရားတွေကို ပံ့ပိုးပေးတဲ့နည်းလမ်းနဲ့ မြန်မာစစ်ကောင်စီကို ပိုမိုဖိအားပေးဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို လူ့အခွင့်အရေးအဖွဲ့ ၄၆ ဖွဲ့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ဆီ လွှဲပြောင်းတင်ပြဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ICC အဖွဲ့ဝင်နိုင်ငံတွေကိုလည်း တိုက်တွန်းထားပါတယ်။

Fortify Rights အဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတစ်ဦးဖြစ်တဲ့ မချစ်ဆိုင်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းကရော ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်းမှာပါ ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။

အဲဒီလိုပျက်ကွက်ခဲ့တဲ့အတွက် မြန်မာစစ်ကောင်စီက ပြစ်ဒဏ်ပေးခံရတာကနေ အပြည့်အဝ ကင်းလွတ်ခွင့်ရနေခဲ့ပြီး ဒီဒဏ်ကို အပြင်းအထန်ခံနေရတာက မြန်မာပြည်သူတွေဖြစ်တယ်လို့ ကြေညာချက်မှာ ထည့်သွင်းပြောထားပါတယ်။ အခုချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူဆောင်ရွက်ရမယ့်အချိန်ဖြစ်ပြီး မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်တရားရုံးဆီ လွှဲပြောင်းပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီပူးတွဲကြေညာချက်ကို Amnesty International၊ Burma War Crimes Investigations (BWCI)၊ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ (Blood Money Campaign)၊ Burma Campaign UK၊ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)၊ အသံ၊ Burmese Rohingya Organization (UK) နဲ့ တခြားလူ့အခွင့်အရေးအဖွဲ့အစည်းတွေ လက်မှတ်ရေးထိုးထုတ်ပြန်တာဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီကို အရေးယူဖို့ တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ဖုန်းမဖြေပါဘူး။

ဒီအဖွဲ့တွေဟာ နိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်တပ် ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအပြင် တခြားရာဇဝတ်မှုတွေနဲ့ပတ်သက်တဲ့ အထောက်အထားတွေကို စုဆောင်းရရှိထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေထဲက ရာဇဝတ်မှုကျူးလွန်ထားတာတွေကိုလည်း ရရှိထားတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်တဲ့အဖွဲ့အစည်းအားလုံးကို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့အညီ နိုင်ငံတကာတရားစီရင်ရေးယန္တရားတွေနဲ့ ထိတွေ့ဆက်ဆံကြဖို့လည်း ဒီအဖွဲ့ ၄၆ အဖွဲ့က တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။