တရားမဝင် တရုတ်တစ်ရှူးငှက်ပျောစိုက်တဲ့ ကုမ္ပဏီကို အရေးယူမည်
2018.06.05
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ရွာနှစ်ရွာအနီး သစ်တောဧရိယာအတွင်းမှာ တရားမဝင် တရုတ်တစ်ရှူး ငှက်ပျောတွေ စိုက်ပျိုးနေတဲ့ကုမ္ပဏီ နှစ်ခုကို သစ်တောဥပဒေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံသားအမည်ခံပြီး တရုတ်နိုင်ငံသားတွေက လာရောက်လုပ်ကိုင်နေကြတာလို့ တရုတ်တစ်ရှူးငှက်ပျော စိုက်ပျိုးတဲ့အခြေအနေကို ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ မနေ့က ကွင်းဆင်လေ့လာရာမှာ ပါဝင်ခဲ့တဲ့ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံး က ဒီကနေ့ ပြောပါတယ်။
"ကျနော်တို့ သွားကြည့်တာက ဝူယန်ရယ်၊ နန့်ဝါရယ် အဲဒီမှာရှိတဲ့ ကြိုးပြင်ကာကွယ်တော သစ်တော ဧရိယာထဲ လုပ်နေတဲ့ဟာ သွားကြည့်တာပါ။ လုပ်နေတဲ့ ကုမ္ပဏီ နာမည်ခံတာကတော့ မြန်မာနိုင်ငံက နာမည်ခံတာပေါ့။ ဒါပေမဲ့လုပ်တာက တရုတ်ပေါ့။ ပြီးတော့ တရုတ်တွေလည်း ဒီအစိမ်း Green Card တော့ကိုင်ထားတယ်။ ကိုင်ထားပေမဲ့လည်း လဝက ခွင့်ပြုထားတဲ့ ကုမ္ပဏီနာမည်နဲ့လွဲနေတယ်။ သူတို့လာနေတဲ့ ကုမ္ပဏီနာမည်က တခြား၊ သူတို့ကိုင်ထားတဲ့ ခွင့်ပြုထားတာက တခြား အဲဒီလိုဖြစ်နေတာပေါ့"
အဲဒီလို တရားမဝင် စိုက်ပျိုးနေတာကို ပြည်နယ် သစ်တောဦးစီးဋ္ဌာန တာဝန်ရှိသူက သစ်တောဥပဒေနဲ့ အရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဝိုင်းမော်မြို့နယ် စိုက်ခင်းတွေကနေ တစ်ရှူးငှက်ပျောသယ်ဆောင်တဲ့ ကားနံပါတ်မပါတဲ့ တရုတ်တွဲ ကားကြီးတွေ ဖြတ်သန်းသွားလာမှုကြောင့် နေအိမ်အဆောက်အဦတွေတုန်ခါတာ၊ အဲဒီကားကြီတွေရဲ့ ယာဉ်မတော်တဆမှုတွေကြောင့် လူတွေထိခိုက်သေဆုံးတာတွေဖြစ်နေပါတယ်။
ဝိုင်းမော်၊ ဗန်းမော် စတဲ့ဒေသတွေမှာ တရုတ်တစ်ရှူးငှက်ပျောတွေ တရားမဝင်စိုက်ပျိုးတဲ့ကိစ္စကို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သတင်းမီဒီယာတွေက ထောက်ပြပြောဆိုမှုတွေရှိပေမယ့် အစိုးရက ထိရောက်တဲ့ ဖြေ ရှင်းဆောင်ရွက်မှုတွေ မရှိဘူးလို့လည်း ပြောကြပါတယ်။
တရုတ်တစ်ရှူးငှက်ပျောတွေကို အရင်ကာလတွေက လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်တဲ့ နယ်စပ်ဒေသတွေမှာ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးပေမယ့် ဒီနှစ်ပိုင်းတွေအတွင်း မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော် စတဲ့ ဒေသတွေ မှာ တိုးချဲ့စိုက်ပျိုးလာတာကြောင့် မြေယာပြဿနာပေါင်းစုံ ဖြစ်ပွားနေတာပါ။
တပြည်နယ်လုံးမှာ တရုတ်တစ်ရှူးငှက်ပျောစိုက်ဧက သောင်းဂဏန်းရှိတယ်လို့ အစိုးရက ပြောဆိုထားပေ မယ့် ဒေသခံပြည်သူတွေကတော့ စိုက်ဧက သိန်းဂဏန်းရှိမယ်လို့ ခန့်မှန်းကြပါတယ်။
အလားတူ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ လာအိုမှာလည်း တရုတ်လုပ်ငန်းရှင်တွေရဲ့ တစ်ရှူးငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်တာ၊ မြေယာတွေဆုံးရှုံးပြီး လူမှုဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ အတွက် လာအိုနိုင်ငံသားတွေက ကန့်ကွက်နေကြပါတယ်။