ဦးကိုနီ လုပ်ကြံခံရမှုကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူဖို့ တောင်းဆို
2019.02.16

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်း အပါအဝင် ၄ ဦးကို အကြမ်း ဖက်မှုတိုက်ဖျတ်ရေး ဥပဒေအရ သီးခြား ကြားနာစစ်ဆေးပေးဖို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေ များအသင်း ILAM က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို အစီရင်ခံစာ တင်ပြသွားမယ်လို့ ပြောပါတယ်။
ရှေ့နေတွေရဲ့ ဥပဒေပိုင်းဆိုင်ရာ သုံးသပ်ချက်တွေနဲ့ သက်သေတွေရဲ့ ထွက်ဆိုချက်တွေ ပါဝင်မယ့် အဲဒီ အစီရင်ခံစာကို အသင်းအနေနဲ့ ရေးသားနေပြီး မကြာခင် တင်သွင်းသွားမှာဖြစ်တယ်လို့ ILAM အဖွဲ့က တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ တရားခံ ကြည်လင်းနဲ့ အောင်ဝင်းဇော် တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက မနေ့က သေဒဏ် ချမှတ်ခဲ့တာကို ILAM က ကြိုဆိုကြောင်း ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဒါပေမဲ့ တရားခံ ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်သာ ချမှတ်ခဲ့တာဟာ ကြိုတင်ကြံစည်အကွက်ချ ကျူးလွန်တဲ့ အမှုမှာ ပါဝင်နေသူတစ်ဦးကို အလွန်သက်ညှာရာရောက်တဲ့ သဘောဖြစ်နေတယ်လို့ ပြောထားပါတယ်။
မနေ့က တရားရုံးက အမိန့်ချရာမှာ သေနတ်သမား ကြည်လင်းကို သေဒဏ်နဲ့ ထောင်ဒဏ် ၂၃ နှစ်၊ ဦးကိုနီကို သတ်ဖို့ ကြည်လင်း ကို ခိုင်းစေခဲ့တဲ့ အောင်ဝင်းဇော်ကို သေဒဏ်၊ သေဒဏ်ချမှတ်ခံရတဲ့ အောင်ဝင်းဇော်ရဲ့ ပြစ်မှုကို ဖုံးကွယ်ထားမှုနဲ့ အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး ဇေယျာဖြိုးကို ဒီအမှုမှာ ဝရမ်း ထုတ်ခံထားရတဲ့ အောင်ဝင်းခိုင်ရဲ့ ပြစ်မှုကို ဖုံးကွယ်မှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။
ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက သေနတ်သမား ကြည်လင်းနဲ့ ခိုင်းစေသူ အောင်ဝင်းဇော် တို့ကို သေဒဏ်ချမှတ်ခဲ့တဲ့အပေါ်မှာ ကြိုဆိုပေမယ့် ဦးကိုနီ လုပ်ကြံခံရမှုမှာ အရေးပါသူဖြစ်တဲ့ ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်သာ ချမှတ်လိုက်တဲ့အပေါ် လွတ်လပ်သောရှေ့နေများအသင်းက ပြစ်တင် ပြောဆို လိုက်ပါတယ်။
ဇေယျာဖြိုး အနေနဲ့ ဒီအမှုမှာ ဝရမ်းပြေးအဖြစ် သတ်မှတ်ထားတဲ့ အောင်ဝင်းခိုင်ရဲ့ ပြစ်မှုကို ဖုန်းကွယ် ခဲ့တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရ ထောင်ဒဏ် ၅ နှစ်သာ ကျခံခဲ့ရတာဟာ မဖြစ်သင့်ဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြကြပါတယ်။
လွတ်လပ်သောရှေ့နေများအသင်းက တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး ပြောတာက
"ပြစ်မှုကျူးလွန်သူကို သက်ညှာတာဟာ ပြစ်မှုကို အားပေးတာပဲ။ တရားရုံးမှာရှိတဲ့ သက်သေခံချက် တွေအရ ဇေယျာဖြိုး ဟာ တရားခံပြေး အောင်ဝင်းခိုင်နဲ့ အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့တယ်။ အောင်ဝင်းခိုင်က ဒီလူသတ်မှုမှာ ပါနေတယ်။ ဒီအနေအထားတွေအရ သူဟာဒီပြစ်မှုကို ကျူးလွန် တယ်လို့ ယူဆဖွယ်ရှိတယ်။ အဲဒီအနေအထားမှာ ၂၀၁ ဆိုတာ ဘာပုဒ်မမှ မဟုတ်ဘူး။ လူတစ် ယောက်ကို လွတ်သွားအောင် မမှန်သတင်းပေးတာ၊ ဖျက်ဆီးတာ ဆိုရုံမျှလောက်နဲ့ မဖြစ်နိုင်ဘူး။ အဲဒီလိုဖြစ်ခဲ့ရင်တောင် ၇ နှစ်အထိ အပြစ်ပေးလို့ရတဲ့အမှု၊ ဘာကြောင့် နှစ်နှစ် သက်ညှာတာလဲ ကျွန်တော်သိချင်တယ်။ ဒါအင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပဲ"
ဇေယျာဖြိုးကို မူလက သေဒဏ်ချမှတ်ခံရနိုင်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/ ၁(ခ)/၃၄ အရ လူသတ်မှုကို ပူးပေါင်းအားပေး ကြံစည်သူလို့ တရားရုံးမှာ စွဲချက်တင်ထားခဲ့ပေမယ့် မနေ့က အမိန့် ချရာမှာတော့ ငွေပေးစေခိုင်းတယ်ဆိုတာကို တရားလိုဖက်က သက်သေမပြနိုင်တဲ့အတွက်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၂၀၁ နဲ့သာ အမိန့်ချခဲ့တာဖြစ်ပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရဆိုရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တယ်လို့ ထောက်ပြကြပါတယ်။
ဒါ့အပြင် ဇေယျာဖြိုးကို အမျိုးသားမှတ်ပုံတင်ကတ်ပြား ၄ ခု ကိုင်ဆောင်မှုနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ခြင်း မရှိတဲ့အပေါ်မှာလည်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ILAM က တရားစီရင်မှုမှာ တာဝန်ရှိသူတွေအပေါ် မေးခွန်းထုတ်လိုက်ပါတယ်။
ILAM ရဲ့ တခြားသော ထောက်ပြချက်တွေထဲမှာ တရားခံပြေး အောင်ဝင်းခိုင်ရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ချိတ်ပိတ်ထားခြင်းမရှိထားတဲ့ အချက်ကိုလည်း ပါဝင်ပါတယ်။
ဒါဟာ သံသယဖြစ်စရာ ဖြစ်နေသလို နေပြည်တော်မှာ အစနပျောက်သွားတဲ့ တရားခံပြေး အောင်ဝင်း ခိုင် ဖမ်းဆီးနိုင်ရေးနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေဟာ ပေါ့လျော့မှုတွေ များတယ် ဆိုပြီး ဥပဒေပညာရှင်တွေက ဝေဖန်ကြပါတယ်။
တရားခံပြေးကို ပေါ့လျော့စွာ ဆောင်ရွက်နေတာဟာ တရားဥပဒေ စိုးမိုးရေး ကင်းမဲ့နေတာဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။
"အငြိမ်းစား တပ်မတော်အရာရှိဗျ။ စဉ်းစားစရာတွေ အများကြီးရှိတယ်။ တရားခံပြေး ကြေညာပြီးရင် တရားခံပြေးတဲ့ သက်ဆိုင်တဲ့ပိုင်ဆိုင်မှုအားလုံးကို ချိတ်ပိတ်ရမယ်။ သိမ်းဆည်းရမယ်။ ခုအဲ့ဒါတွေ လုပ်တယ် မလုပ်ဘူးဆိုတာကိုလည်း ကျွန်တော်တို့က သတင်းစာမှာလည်း မတွေ့ဘူး။ မီဒီယာမှာလည်း မတွေ့ဘူး။ စီရင်ချက်မှာလည်း အဲ့ဒါမျိုးတွေ မတွေ့ရဘူး။ တရားခံပြေးကို အခုလို သက်တောင့်သက်တာ ဆောင်ရွက်တာဟာ အမှုတည်ဆောက်တာမှာ အင်မတန်မှ အားနည်းတယ်ဆိုတာ တမင် မဖြစ်မနေ တည်ဆောက်လိုက်တဲ့ သဘောပေါ်ပေါက်တယ်။ တရားဥပဒေစိုးမိုးရေးဟာ ကင်းမဲ့စွာ ဆောင်ရွက်ထား တယ်လို့ ကျွန်တော့်အနေနဲ့ကတော့ အဲလိုမျိုးပဲ သုံးသပ်တယ်"
မြောက်ပိုင်းခရိုင်တရားရုံးက လူသတ်မှုနဲ့ ပတ်သက်လို့ အမိန့်ချပြီး ဖြစ်ပေမယ့် နောက်ဆက်တွဲအနေနဲ့ အစိုးရဘက်က အကြမ်းဖက်မှုတိုက်ဖျတ်ရေးဥပဒေအရပါ သီးခြား ကြားနာစစ်ဆေးဖို့ လိုတယ်လို့ ဥပ ဒေပညာရှင်တွေနဲ့ ရှေ့နေ အဖွဲ့အစည်းတွေက ပြောကြပါတယ်။
ILAM ကလည်း မကြာခင် နိုင်ငံတော် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုး သားလွှတ်တော်တို့ထံ တင်သွင်းမယ့် အစီရင်ခံစာမှာ အကြမ်းဖက်ဥပဒေအရ အရေးယူပေးဖို့ ထည့်သွင်း ပြောဆိုသွားမယ်လို့ သိရပါတယ်။
လွတ်လပ်သောရှေ့နေများအသင်းက တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က သမ္မတ ဟာ ဥပဒေပညာရှင်ဖြစ်တာကြောင့် အသင်းရဲ့ အစီရင်ခံစာအပေါ် အလေးထားမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
"ဒီအမှုပေါ်မှာ ရှေ့နေတွေရဲ့ ဥပဒေကြောင်းဆိုင်ရာ သုံးသပ်တွေ့ရှိမှု၊ စီရင်ထုံးများ၊ စစ်ဆေးတွေ့ရှိ ချက်များ၊ သက်သေတွေရဲ့ ထွက်ချက်များ အဲ့ဒါတွေအပေါ် အခြေခံပြီး အပြည့်အစုံ ရေးကြမှာပါ။ အဲဒီအစီရင်ခံစာကို နိုင်ငံတော် သမ္မတ အနေနဲ့လည်းပဲ အလေးအနက်တော့ လေ့လာလိမ့်မယ်လို့ ထင်ပါတယ်။ လက်လွတ်စပယ် ပစ်ထားလိမ့်မယ် မထင်ဘူး။ ကျွန်တော်တို့ဘက်ကလည်း တဖက် စောင်းနင်း ပြောမှာမဟုတ်ပါဘူး။ ဥပဒေအရ တွေ့ရှိချက်အတိုင်း တင်ပြမှာပါ"
ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောမှုတွေ တက်ကြွစွာဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ဟာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ အနီး ကပ် လုပ်ကြံခံခဲ့ရပြီး သေနတ်သမား ကြည်လင်း ကို ဖမ်းဆီးခဲ့မှုကြောင့် အဌားယာဉ်မောင်း ကိုနေဝင်း ဟာလည်း သေနတ်နဲ့ ပတ်ခတ်ခံရပြီး သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီအမှုကို တရားရုံးက ၂ နှစ်ကျော်ကြာအောင် စစ်ဆေးခဲ့ရာမှာ တရားလို၊ တရားခံပြသက်သေ ၂၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး မနေ့က အပြီးသတ် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။