ကျောက်ဖျာ မြို့သစ်စီမံကိန်းအတွက် သိမ်းယူမြေတွေကို ပြန်ပေးဖို့ မရှိ


2018.01.24
land-622.jpg သိမ်းဆည်းထားတဲ့ လယ်မြေအချို့ကို တွေ့ရစဉ်
Photo: RFA

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့က ရပ်ဆိုင်းထားတဲ့ ကျောက်ဖျာမြို့သစ် စီမံကိန်းအတွက် သိမ်းယူထားတဲ့ မြေယာတွေကို ပြန်လည်စွန့်လွှတ်ပေးဖို့ အစီအစဉ်မရှိဘဲ လုပ်ငန်းရှင်တွေပါဝင်တဲ့ မြို့သစ် အကောင်ထည်ဖော်ရေး ကေ်ာမတီကို ဖွဲ့စည်းထားပြီး မြို့သစ်ကို ဆက်လက် အကောင်ထည်ဖော်သွားမယ်လို့ တနင်္သာရီတိုင်း အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း က ဒီနေ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ ဖြေကြားခဲ့ပါတယ်။

မြို့သစ်စီမံကိန်းအတွက် သိမ်းယူထားတဲ့ မြေယာတွေကို ပြန်လည်စွန့်လွှတ်ပေးဖို့ အစီအစဉ် ရှိ မရှိကို တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က မေးမြန်းခဲ့ရာမှာ ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်တယ်လို့ မေးခွန်းမေးမြန်းသူ ဦးရဲမြင့်ဆွေက ပြောပါတယ်။

"အနှစ်ချုပ်ကတော့ သူပြောတဲ့စကားက သူတို့အစိုးရအနေနဲ့ အဲစီမံကိန်းကို ဆက်လုပ်မယ်၊ မပေးဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးကို သက်ရောက်တယ်၊ မြို့သစ်စီမံကိန်းလည်း ထွက်ပြီးသွားပြီပေါ့၊ မြေယာဥပဒေနဲ့အညီ မြေသိမ်းထားတာ မဟုတ်ဘူးဆိုရင် လျော်ကြေးနစ်နာကြေး ပြန်ပေးသင့်တယ်ပေ့ါနော်၊ ပြီးခဲ့တဲ့အစိုးရက သိမ်းထားပြီးပြီပဲ ရပြီဆိုပြီးတော့ ကနဦးလုပ်လို့တော့ဘယ်ရမလဲ၊ တကယ်ပဲ အဲဟာကို အကောင်အ ထည်ပြန်ဖော်လို့ရှိရင် လူထုကိုသေချာပြန်ပြီးချပြဖို့လိုတယ်"

မြိတ်မြို့က ကျောက်ဖျာ မြို့သစ်စီမံကိန်းကို ၂၀၀၄ ခုနှစ်ကတည်းက အကောင်ထည်ဖော်ဖို့အတွက် အစိုးရက မြေတွေကို သိမ်းယူခဲ့တာဖြစ်ပါတယ်။

မူလတောင်သူ တစ်ထောင်ကျော် ပိုင်ဆိုင်တဲ့ လယ်မြေဧက ၅ ထောင် ကျော်မှာ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးပုဒ်မ ၃၉ အရ မြို့သစ် တည်ဆောက်ရေး အဆောက်အဦးမြေအဖြစ် သတ်မှတ်ထားတယ်လို့ ဝန်ကြီးရဲ့ ဖြေကြားချက်အရ သိရပါတယ်။

ဒါပေမယ့် မြို့သစ် အကောင်ထည်ဖော်ဖို့ ကော်မတီဖွဲ့ခဲ့ပေမယ့် ပြီးခဲ့တဲ့ အစိုးရလက်ထက်အထိ စီမံကိန်း စတင်နိုင်ခဲ့ခြင်း မရှိပါဘူး။

သိမ်းဆည်းထားတဲ့ လယ်မြေတွေထဲမှာ လျော်ကြေးလက်ခံထားတဲ့ တောင်သူတွေ အနည်းငယ်သာရှိပြီး အများစုမှာ လျော်ကြေးမယူရသေးဘူးလို့ ဦးရဲမြင့်ဆွေက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှာတော့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းမှာ လုပ်ငန်းရှင်တွေ ပါဝင်တဲ့ ကျောက်ဖျာမြို့သစ် စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းထားတယ်လို့ ဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။